မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမား အန်တိုနီ ဟာ ပြီးခဲ့တဲ့လက ရှရစ်အသင်းကို ၃ – ၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ၇၂၀ ဒီဂရီလှည့်ပြီး ဘောလုံးအလှပြ ကစားခဲ့တဲ့အပေါ် ကွင်းထဲမှာ လူရွှင်တော်လုပ်နေတယ်လို့ ယူနိုက်တက်ဂန္တဝင် ပေါလ်စခိုးရဲ့ ဝေဖန်ခဲ့မှုကို ပြန်လည်တုံ့ပြန် လိုက်ပါတယ်။

Photo : Daily Mail

အသက် ၂၂ နှစ်အရွယ် ဘရာဇီးလက်ရွေးစင်ကစားသမားရဲ့ ဘောလုံးအလှပြကစားမှုနဲ့ ပတ်သတ်ပြီး ပေါလ်စခိုးက “ အဲ့ဒီ ဘောလုံးစကေးပြလို့ ဘာရသွားလဲ ကျွန်တော်မသိဘူး။ အဲဒီမတိုင်ခင်က သူကွင်းထဲမှာ ဘာမှလုပ်မပြနိုင်ဘူး။ သူအဲ့ဒီထက် ပိုပြီး ဖျော်ဖြေရေးဆန်တဲ့ စကေးပြမှုတွေ လိုအပ်တယ်လို့ ထင်ပါတယ်။ ဒါက စကေးပြတာလား ၊ ဖျော်ဖြေနေတာလား ကျွန်တော်မသိဘူး။ ဟာသလုပ်နေသလိုပါပဲ” လို့ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အန်တိုနီ ကတော့ သူကြီးပြင်းလာတဲ့ ဘဝတစ်လျှောက် လေးစားအားကျရတဲ့ အိုင်ဒေါတွေရဲ့ ပုံစံမျိုး လိုက်လုပ်ခဲ့တာသာဖြစ်တယ်လို့ အဆိုပါ ဝေဖန်မှုမှတ်ချက်တွေကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

“ ကျွန်တော်က လူရွှင်တော်တစ်ယောက်လို့ ထင်ရင်တော့ ခင်ဗျား ကျွန်တော်ငယ်ဘဝအကြောင်းကို သေချာမသိရသေးလို့ ဖြစ်မှာပါ။ ရော်နယ်ဒင်ဟို ၊ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ နေမာတို့ရဲ့ ဘောလုံးကစားဟန်တွေက ကျွန်တော့်ကို ကလေးဘဝတည်းက လွှမ်းမိုးမှုရှိခဲ့တာပါ။ ကျွန်တော်သူများအိမ်က ဝိုင်ဖိုင်ကို ခိုးချိတ်ပြီး ဒီဘောလုံးနတ်ဘုရားတွေကို တအံ့တသြနဲ့ကြည့်ပြီးတော့ သူတို့ရဲ့စကေးတွေကို အတုယူဖို့ ကွန်ကရစ်လမ်းပေါ်ထွက် လေ့ကျင့်ခဲ့ရတာပါ။ ဒါက ကျွန်တော့်ဘဝအကြောင်းပါပဲ ”

Photo : The Sun

“ ဒီအထိခင်ဗျားတို့ နားမလည်သေးရင် ဒါမှမဟုတ် ကျွန်တော့်ကို လူရွှင်တော်လို့ ထင်နေသေးရင် ကျွန်တော့်လက်မောင်းပေါ်က ဆေးမှင်ကြောင်တွေကို ပြဖို့ပဲ ရှိပါတော့တယ်။ ဖာဗယ်လာက လူတိုင်း ကျွန်တော်ကြုံတွေ့ခဲ့ရတာတွေကို အနည်းနဲ့အများ သိကြပါတယ်။ ဒီစကားလုံးတွေက ကျွန်တော့်ကိုပြောပြနေတာ။ ပြီးတော့ ကျွန်တော်တို့အားလုံးကို ပြောပြနေတာပါ ” လို့ တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။ တဆက်တည်းမှာပဲ အန်တိုနီ ဟာ သူ့ အသက် ၈ နှစ်အရွယ်မှာ လမ်းပေါ်က လူသေအလောင်းကို တက်နင်းမိခဲ့တဲ့အထိ ခက်ခဲကြမ်းတမ်းခဲ့တဲ့ ငယ်ဘဝဖြတ်သန်းမှုအကြောင်းတွေကိုပါ ဖွင့်ဟသွားခဲ့ပါတယ်။

Featured Photo : Metro UK