လူတိုင်းက တစ်ခါတစ်လေ ပုံမှန်လုပ်ဆောင်နေကျ အလုပ်တွေကို အကြောင်းအရင်း တစ်စုံတစ်ရာမရှိဘဲ မလုပ်ချင်ဘဲ ပျင်းတတ်ကြပါတယ်။ တစ်ခါတစ်လေ ပျင်းတာ၊ စိတ်အားတတ်ကြွမှု မရှိတာဟာ လူ့သဘာဝမို့ ပြဿနာမရှိပါဘူး။ သို့သော်လည်း အမြဲလိုလို ပျင်းပြီး ကိုယ်လုပ်ဆောင်စရာ ရှိတာများကို အချိန်ဆွဲနေရင်တော့ ပြဿနာရှိလာပါပြီ။ ဒါ့အပြင် ကြာလာရင် ပျင်းတတ်တဲ့ အကျင့်လေး ပါလာပြီး ရေရှည်မှာ ကွီးတို့ဘဝအတွက် တိုးတက်အောင်မြင်မှုတွေ၊ အခွင့်အလမ်းတွေ လက်လွှတ်ဆုံးရှုံးရမှာပါ။

ဒါကြောင့် ပျင်းတတ်တဲ့သူလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ပါ။ ကောင်းတဲ့တစ်ချက်ကတော့ ပျင်းရိခြင်း ကို ကိုယ်တိုင် ကြိုးစားပြီး ပြောင်းလဲနိုင်ပါတယ်။ ဆက်လက်ပြီးတော့ ပျင်းရိတာကို တွန်းလှန် ဖျောက်ဖျက်နိုင်ဖို့ ထိရောက်တဲ့ အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

စိတ်အားထက်သန်မှု ရှိစေတဲ့ အရာကို ရှာဖွေပါ

ပျင်းတတ်တဲ့ အကျင့်လေး

Photo : Better Up

ကွီးတို့ အနေနဲ့ ဘာကြောင့် ပျင်းရိနေပြီး စိတ်အားထက်သန်မှု မရှိတာလဲဆိုတာ အရင်လေ့လာပါ။ ပျင်းရိခြင်းဆိုတာ တကယ်တော့ ကွီးတို့ဘဝအတွက် ကြီးမားတဲ့ ရန်သူပါပဲ။ တစ်ခါတစ်လေ လူတချို့က ကိုယ်ဘာကို တကယ်လိုချင်လဲ၊ ဘာဖြစ်ချင်လဲ၊ ဘယ်လိုဘဝကို ပိုင်ဆိုင်ချင်လဲဆိုတာ မသိတဲ့အခါ ထိုအရာကို ရယူဖို့ စိတ်အားတတ်ကြွမှု ဆိုတာလဲမရှိတော့ပါဘူး။ ကွီးတို့ကို လှုံ့ဆော်မှုတွေ၊ စိတ်အားတတ်ကြွမှုတွေ မရှိတဲ့အခါ ပျင်းရိပြီး လေးလံထိုင်းမှိုင်းလာပါလိမ့်မယ်။ ဒါကြောင့် ကွီးတို့ ဖြစ်ချင်တဲ့အရာ၊ ကွီးတို့ကို အရင်ဆုံး စိတ်အားထက်သန်မှု ပေးနိုင်တဲ့ အရာတွေကို ရှာဖွေပါ။

စတင်ပြီး ပြောင်းလဲပါ

ပျင်းတတ်တဲ့ အကျင့်လေး

Photo : Great Place to work

ကွီးတို့ရေ ပျင်းတတ်တဲ့ အကျင့်လေး ကို ဖျောက်ဖို့အတွက် အရင်ဆုံး သေးငယ်တဲ့ အရာလေးတွေကနေ စတင်ပြောင်းလဲပါ။ နေ့စဉ်နေ့တိုင်း တူညီတဲ့ နေ့စဉ်ဘဝလည်ပတ်မှုက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ၊ ငြီးငွေ့လာစေပြီး စိတ်အားတက်ကြွမှုတွေကို လျော့နည်းစေပြီး ပျင်းရိတတ်ပါတယ်။ ဒါကြောင့် ပုံမှန် လည်ပတ်နေတဲ့ ဘဝကို အနည်းငယ်ပြောင်းလဲမှု ပြုလုပ်ပါ။ ဥပမာ မနက်ကိုပုံမှန်ထက် အနည်းငယ်စောထတာမျိုး၊ လုပ်နေကျ အလုပ်ကို ပုံမှန်ထက် နည်းနည်းစော ပြီးအောင် လုပ်တာမျိုး၊ အလုပ်ကို ၅ မိနစ်လောက် စောရောက်တာမျိုး စတာလေးတွေ လုပ်ကြည့်ပါ။  ထိုသို့ ပြောင်းလဲမှုတွေကနေပဲ ကွီးတို့အတွက် အခွင့်အလမ်းတွေ ဖြစ်လာစေမှာပါ။

အချိန်မဆွဲတတ်တဲ့ အကျင့်ကို မွေးမြူပါ

Photo : Forbes

ကွီးတို့ရေ များသောအားဖြင့် ပျင်းရိခြင်းဆိုတာ လုပ်ဆောင်စရာရှိတာများကို ချက်ချင်းထမလုပ်ဘဲ အချိန်ဆွဲတာကနေ စတင်ပါတယ်။ အချိန်ဆွဲတတ်တဲ့ သူတွေက ဘဝမှာ အောင်မြင်တိုးတတ်မှုရဖို့ တကယ်ကို အလှမ်းဝေးတဲ့သူတွေပါ။ အချိန်ဟာလည်း ဘယ်တော့မှ ပြန်မရနိုင်တဲ့ အရာပါ။ ဒါကြောင့် ကွီးတို့အနေနဲ့ လုပ်စရာ တစ်ခုခုရှိရင် အချိန်ဆွဲမနေပဲ ချက်ချင်းလုပ်ဆောင်ပါ။ ကြာလာလျှင် အချိန်မဆွဲဘဲ မြန်မြန်ဆန်ဆန် လုပ်တတ်ခြင်းက အကျင့်ပါပြီး ပျင်းရိခြင်းကိုလည်း တွန်းလှန်ပြီးသား ဖြစ်စေပါတယ်။

လက်တွေ့ကျသော ပန်းတိုင်များကို ထားရှိပါ

Photo : Australia

ပန်းတိုင်များ ထားရှိခြင်းက ကွီးတို့ကို ကြိုးစားချင်စိတ်နဲ့ စိတ်အားထက်သန်မှုကို ဖြစ်ပေါ်စေပြီး ပျင်းရိခြင်းကို လျော့နည်းစေပါတယ်။ အရင်ဆုံး ကွီးတို့အနေနဲ့ ကိုယ်လုပ်နိုင်စွမ်း ရှိတဲ့ ပမာဏအလိုက် လက်တွေ့ကျတဲ့ ပန်းတိုင်လေးများ ထားရှိပါ။ ကိုယ်လုပ်နိုင်စွမ်းရှိသလောက် လက်တွေ့ကျတဲ့ ပန်းတိုင်များက အောင်မြင်ဖို့ ပိုပြီး မြန်ဆန်ပါလိမ့်မယ်။ ထိုပန်းတိုင်များ အောင်မြင်လာတဲ့အခါမှာ ပိုမိုစိတ်အားထက်သန်လာပြီး ကြိုးစားချင်စိတ်ဖြစ်ပေါ်စေပြီး ပျင်းရိခြင်းကိုလည်း တွန်းလှန်ပြီးသား ဖြစ်စေပါလိမ့်မယ်။

အခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေက ရိုးရှင်းပေမယ့်လည်း ကွီးတို့ရဲ့ ပျင်းတတ်တဲ့ အကျင့်လေး ကို တွန်းလှန်ဖို့ ထိရောက်ပါတယ်။ ပျင်းရိတတ်တဲ့ သူတွေက ဘယ်တော့မှ ထိပ်ကို မရောက်နိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ဘဝ တိုးတက်အောင်မြင်မှုကို လိုလားတဲ့ သူတိုင်း ပျင်းရိခြင်းကို လုံးဝ ဖယ်ရှားပစ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Featured Photo : Lifehack