ပျော်ရွှင်မှုဆိုတာကို ကွီးတို့ဘယ်လို သတ်မှတ်ပါသလဲ။ ကွီးတို့ရော ပျော်ရွှင်နေပါရဲ့လား။ လူတိုင်းလူတိုင်းက သူ့နည်းသူ့ဟန်နဲ့သူ ပျော်ရွှင်မှုကို အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။ ဘယ်လိုပဲ သတ်မှတ်ထားပါစေ၊ ပျော်ရွှင်မှုဆိုတဲ့ စကားလုံးလေးဟာ ရိုးရှင်းသော်လည်းပဲ လက်တွေ့မှာ ရယူပိုင်ဆိုင်နိုင်ဖို့က လွယ်မယောင်နဲ့ ခက်တတ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပျော်ရွှင်မှုဆိုတာ ကိုယ်တိုင် ရွေးချယ်ရတာ ဖြစ်လို့ပါပဲ။

လူတော်တော်များများက ဘဝမှာ ပျော်ရွှင်မှုထက် ဝမ်းနည်းစိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေကိုသာ အာရုံစိုက်မိတတ်တာများလို့ပါပဲ။ ဆိုလိုတာကတော့ ကွီးတို့ရဲ့ ပျော်ရွှင်ခြင်းတွေ၊ မပျော်ရွှင်ခြင်းတွေ ကွီးတို့ရဲ့ ကိစ္စရပ်တွေအပေါ် စိတ်ထားတတ်မှုနဲ့ ကိုယ့်ရဲ့ ရှုမြင်ပုံတွေပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ စဉ်းစားကြည့်ရင် ကျွန်တော်တို့ ရှင်သန်နေထိုင်ရတဲ့ လူ့ဘဝက တိုတိုလေးပါ၊ ဒီလို တိုတောင်းလှတဲ့ လူ့ဘဝမှာ လူတိုင်းက ပျော်ရွှင်မှုကို ခံစားဖို့ ထိုက်တန်ပါတယ်။ ဒီဆောင်းပါလေးမှာတော့ ကွီးတို့အတွက် ပျော်ရွှင်မှု ကို ရွေးချယ်နိုင်စေဖို့ နည်းလမ်းလေးအချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ကိုယ့်မှာရှိတဲ့ ကောင်းတဲ့အရာတွေကို မြင်တတ်ပါစေ

ပျော်ရွှင်မှုဆိုတာ ကိုယ်တိုင်

Photo : Pexels

ဘဝမှာ ပျော်ရွှင်နေတဲ့သူတွေက အဆိုးမြင်စိတ်တွေအစား ဘဝရဲ့ အပြုသဘောဆောင်တဲ့ ရှုထောင့်တွေကိုပဲ အာရုံစိုက်ကြပါတယ်။ ကိုယ့်ဘဝမှာ ကြုံတွေ့ရတဲ့ ကိစ္စတွေ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုဖြစ်စေ အဆိုးမြင်စိတ်တွေ များနေရင် ကိုယ့်မှာရှိတဲ့ ကောင်းတဲ့အရာတွေကို မမြင်နိုင်တော့ပါဘူး။ ဒါဆိုရင် ဘဝက စိတ်ညစ်စရာတွေ၊ လိုချင်တောင့်တမှုတွေ၊ မကျေနပ်မှုတွေ ပြည့်နေပြီး ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အကောင်းမြင်စိတ် ဒါမှမဟုတ် အပြုသဘောဆောင်တဲ့ စိတ်ကို မွေးမြူပါ။ ဒါဆိုရင်တော့ ပျော်ရွှင်မှုကို ဖြည်းဖြည်းချင်း တွေ့ရှိလာနိုင်မှာပါ။

ပြုံးပါ

Photo : Pexels

ကွီးတို့ ဒီနေ့မှာ ပြုံးဖြစ်ပါသလား။ အပြုံးက အံ့သြဖွယ်ကောင်းတဲ့ အလှတရားတစ်ခု ဖြစ်ပြီး စိတ်ခံစားချက်အပြည့်နဲ့ ပြုံးလိုက်တာက ဦးနှောက်က လုပ်ဆောင်တဲ့ စိတ်ခံစားမှုတွေကို သက်ရောက်မှု ရှိစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ဒါ့အပြင် ပြုံးခြင်းက ကိုယ့်ရဲ့ Impression အပေါ်လည်း ကောင်းသော သက်ရောက်မှုရှိစေပြီး ဆွဲဆောင်မှုလည်း ရှိစေပါတယ်။

ကျေးဇူးတရားကို ယှဉ်တွဲနေထိုင်ပါ

ပျော်ရွှင်မှုဆိုတာ ကိုယ်တိုင်

Photo : LeStatllion

တစ်နေ့တာမှာ ကွီးတို့ ကြုံတွေ့ခဲ့ရတဲ့ ကောင်းတဲ့အရာလေးတွေ၊ တစ်ယောက်ယောက်က ကွီးတို့ကို ကူညီတဲ့ ကိစ္စသေးသေးလေးတွေ ဖြစ်စေ စတာလေးတွေကို ကျေးဇူးတင်တဲ့စိတ်နဲ့ တွေးကြည့်ပါ။ ကျေးဇူးတင်ကြောင်းဖော်ပြခြင်းက ကွီးတို့ရဲ့ စိတ်ခံစားချက်ကို တိုးတက်စေသည်ထက် အများကြီးပိုပြီး အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒါမှမဟုတ် ကွီးတို့ကိုယ်တိုင် ပြုလုပ်လိုက်တဲ့ ကောင်းတဲ့ အရာသေးသေးလေးတွေ၊ အပြုသဘောဆောင်သည့်အချက်လေးကို အိပ်ရာမဝင်ခင် ချရေးကြည့်ပါ။ ဒီလို အပြုအမူနဲ့ ကျေးဇူးတရားကို အခြေခံတဲ့ အလေ့အကျင့်လေးက စိတ်ဖိစီးမှုနည်းစေပြီး ကွီးတို့ကို ပျော်ရွှင်တဲ့သူတစ်ယောက် ဖြစ်ဖို့ ကူညီပေးနိုင်ပါတယ်။

သူတစ်ပါးကို ကောင်းမွန်ကြင်နာစွာ ဆက်ဆံပါ

ပျော်ရွှင်မှုဆိုတာ ကိုယ်တိုင်

Photo : Grater Good

ကွီးတို့ရေ ကိုယ့်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံတာကို သဘောကျတယ်မဟုတ်ပါလား။ ဒီလိုပါပဲ သူတစ်ပါးကိုလည်း ကောင်းမွန်ကြင်နာစွာဆက်ဆံပါ။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေသာမက ကိုယ့်နဲ့ ပြောဆိုဆက်ဆံရတဲ့ သူမှန်သမျှကို ကြင်နာမှု၊ စိတ်ရှည်မှု တို့နဲ့ ကောင်းကောင်းဆက်ဆံပါ။ ကိုယ်က ဆက်ဆံပုံအလိုက် သူတစ်ပါးကလည်း ကိုယ့်ကိုဆက်ဆံလာပါလိမ့်မယ်။ ဒါက ရောင်ပြန်ဟပ်ခြင်း တစ်မျိုးလို့လည်း ဆိုနိုင်သလို ကွီးတို့ကိုယ်တိုင်လည်း ကျေနပ်အားရမှုနဲ့ ကြည်နူးမှုကို ခံစားရနိုင်ပါတယ်။

တရားထိုင်ပါ

Photo : Tige Hanley

ကျွန်တော်တို့ မပျော်ရွှင်ရတဲ့ အကြောင်းအရင်းထဲမှာ အကြီးမားဆုံးကတော့ စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကြောင့်ပါပဲ။ လူ့ဘဝမှာ ရှင်သန်နေသမျှတော့ စိတ်ဖိစီးမှုတွေကို ဘက်ပေါင်းစုံကနေ ရရှိနိုင်ပါတယ်။ ဒါ့ကြောင့် ထိုစိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက် လျှော့ချဖို့လိုပါတယ်။ တရားထိုင်ခြင်းက စိတ်ကိုတည်ငြိမ်စေပြီး စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချနိုင်ပါတယ်။ တရားထိုင်ခြင်းအပြင် ယောဂကျင့်တာ၊ လေ့ကျင့်ခန်းလုပ်တာတွေလည်း ပြုလုပ်နိုင်ပါတယ်။

ကွီးတို့ မပျော်ရွှင်ဖူးလို့ ခံစားနေရရင် ဒီနည်းလမ်းလေးတွေကို သုံးကြည့်ပါ။ ပျော်ရွှင်မှုကို ရှာဖွေချင်ရင်လည်း ဒီနည်းလမ်းလေးတွေအတိုင်း ကျင့်သုံးလိုက်နာကြည့်နိုင်ပါတယ်။ ကွီးတို့မှတ်ထားရမှာက ပျော်ရွှင်မှုက ကိုယ်တိုင်ရွေးချယ်ရတဲ့ အရာတစ်ခုဖြစ်ပြီး ကွီးတို့အပါအဝင် လူတိုင်းက ပျော်ရွှင်မှုနဲ့ ထိုက်တန်ပါတယ်။

Featured Photo : Pexels