မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်းလိုက်တဲ့ အင်္ဂလန် လူငယ် တိုက်စစ် ကစားသမားလေး မေဆန် ဂရင်းဝုဒ် ဟာ လက်ရှိ အခြေအနေတွေအရ ပြည်တွင်းမှာ ဘောလုံး ပြန်ကစားရဖို့ ခက်ခဲနိုင်တဲ့အတွက် ပြည်ပ နိုင်ငံတစ်ခုခုမှာသာ သွားရောက် ကစားရင်း ဘောလုံးသမားဘဝကို ဆက်လက် ဖြတ်သန်းရဖွယ် ရှိနေပါတယ်။

mason

Photo Credit : Goal

အသက် (၂၁)နှစ်အရွယ်ရှိ အင်္ဂလန် လက်ရွေးစင်ဟောင်း မန်ယူနိုက်တက် အကယ်ဒမီထွက် တိုက်စစ်မှူးလေး ဂရင်းဝုဒ် ဟာ ပြီးခဲ့တဲ့ နှစ်အတွင်း အတူနေချစ်သူ မိန်းကလေးအပေါ် မုဒိမ်းမှု အကြမ်းဖက်မှုတွေနဲ့ စွဲချက်တင်ခံခဲ့ရပြီး သက်သေ မခိုင်လုံတာကြောင့် အမှုကနေ လွတ်မြောက်ခဲ့ရပါတယ်။ ဒီလို အမှုကနေ လွတ်မြောက်ခဲ့တဲ့ ဂရင်းဝုဒ်ကို ယူနိုက်တက်က အသင်းမှာ ပြန်လည် နေရာပေးဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း အသင်းရဲ့ အမျိုးသမီး ဝန်ထမ်းတွေနဲ့ အမျိုးသမီး ပရိသတ်တွေက ဆန့်ကျင် ဆန္ဒပြမှုတွေကြောင့် နောက်ဆုံးမှာ လမ်းခွဲဖို့သာ ဆုံးဖြတ်လိုက်တာပဲ ဖြစ်ပါတယ်။

greenwood

ယူနိုက်တက်အသင်း ပရိသတ်တွေက အရည်အသွေး ပြည့်ဝတဲ့ ဂရင်းဝုဒ်ကို အသင်းမှာ ပြန်လည် နေရာပေးစေချင်ပေမယ့်လည်း အမျိုးသမီး ပရိသတ်တွေ နဲ့ ဝန်ထမ်းတွေက ဂရင်းဝုဒ် အသင်းဆီ ပြန်လာမှာကို လုံးဝ မလိုလားပဲ ကန့်ကွက်မှုတွေ လုပ်ဆောင်ခဲ့ရာ ဂရင်းဝုဒ်ကလည်း သူ့အနေနဲ့ အိုးထရက်ဖို့ဒ်နဲ့ ဝေးရာမှာ ရှိနေခြင်းကပဲ ပိုမို သင့်လျော့်တယ်လို့ ဆုံးဖြတ်ခဲ့ပြီး လမ်းခွဲခဲ့တာပဲ ဖြစ်ပါတယ်။

mason

Photo Credit : Eurosport

အခုလို အသင်းလက်မဲ့ ကစားသမား ဖြစ်သွားရတဲ့ ဂရင်းဝုဒ် ဟာ အင်္ဂလန် ဘောလုံးကလပ် အသင်းတစ်သင်းသင်းမှာပဲ ပြောင်းရွှေ့ကစားမယ်ဆိုရင် ဆန့်ကျင် ကန့်ကွက်မှုတွေ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်ရနိုင်တာကြောင့် ပြည်ပနိုင်ငံ တစ်ခုခုကိုသာ ပြောင်းရွှေ့ ကစားရဖွယ် ရှိနေပါတယ်။ ဂရင်းဝုဒ်က စီးရီးအေ ၊ တူရကီ နဲ့ ဆော်ဒီတို့က ကလပ်အသင်းတွေဆီကိုသာ ပြောင်းရွှေ့သွားရနိုင်တယ်လို့လည်း ဗြိတိန်မီဒီယာတွေကနေ ဖော်ပြနေပါတယ်။

Featured Photo : TEAMtalk