စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်တဲ့အခါမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်လူမှုဘဝ၊ အချစ်ရေး စတဲ့ နယ်ပယ်အသီးသီးတွင် ပြဿနာတွေသည် တစ်ခုမဟုတ်တစ်ခု စောင့်ကြိုနေစမြဲပါပဲ။ ပြဿနာ များနှင့် ရင်ဆိုင် ကြုံတွေ့ရတဲ့အခါ ကမူးရှူးထိုးနှင့် စိတ်လိုက်မာန်ပါ မပြုလုပ်မိဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ခေါင်းအေးအေးထားပြီး ပြဿနာ များနှင့် အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ဒါမှ ရလာဒ်ကောင်းတွေကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ပြဿနာ များထံမှ ရှောင်ပြေးခြင်းထက် ရင်ဆိုင်ဖြေရှင်းခြင်းက အခွင့်အရေးကောင်းတွေကို လက်လွတ် မဆုံးရှုံးရလေအောင် ကူညီပေးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပြဿနာများသည် အောင်မြင်မှုနှင့် ကျရှုံးမှုတို့အကြား ဆက်သွယ်ပေးတဲ့ ပေါင်းကူးတံတားတစ်ခု ဖြစ်လို့ပါပဲ။ ကွီးတို့အနေနဲ့ ပြဿနာ များကို အကောင်းဆုံး ရင်ဆိုင် ဖြေရှင်းပြီး အောင်မြင်မှုများဆီသို့ လျှောက်လှမ်းမလား (သို့) ပြဿနာ များကို ရှောင်ဖယ်ပြီး အရှုံးကိုပဲ လက်ခံမလား ဆိုတာကတော့ ကိုယ့်ရဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။

အောင်မြင်မှုဆီသို့ လျှောက်လှမ်းချင်တယ်ဆိုရင်တော့ ထိရောက်မှုရှိပြီး ရလဒ်ကောင်းတွေ ထွက်လာစေမယ့် ပြဿနာဖြေရှင်းနည်းများကို သိထားသင့်ပါတယ်။ ဒီဆောင်းပါးလေးကနေ ကွီးတို့အတွက် ပြဿနာများကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းများကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

ပြဿနာရဲ့ အဓိကရင်းမြစ်ကို သေသေချာချာရှာဖွေပါ

ပြဿနာ ရင်ဆိုင်

“ငါ အသည်းအသန် ဖြေရှင်းချင်နေတဲ့ ပြဿနာရဲ့ အဓိကအရင်းမြစ်က ဘယ်ကလာသလဲ။ ဘာ့ကြောင့် ပြဿနာဖြစ်ရသလဲ” ဆိုတဲ့ မေးခွန်ကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်လိုက်ပါ။ တစ်ခါတစ်ရံမှာ ကျနော်တို့သည် ကိုယ် နားမလည်တဲ့အရာကို အသည်းအသန် နားလည်ဖို့ ကြိုးစားရာကနေ ပြဿနာနဲ့ တဖြည်းဖြည်း ဝေးသထက် ဝေးသွားကာ မဖြေရှင်းနိုင်တော့ဘဲ ထိုသံသရာထဲမှာပဲ တဝဲလည်လည် ကျန်ရှိနေခဲ့ပါတော့တယ်။

ဥပမာ – လူတစ်ယောက်သည် သူ့ရဲ့ဘဝကို ကျေနပ်မှု မရှိဘူးခြင်းသည်လည်း ပြဿနာတစ်ခုပဲဖြစ်ပါတယ်။ သူ့ရဲ့ဘဝသည် ညဘက် အိပ်လိုက်၊ မနက်ကျ နိုးလာပြီး ရုံးတက်လိုက်၊ အစားလေးစားလိုက်၊ အလုပ်လုပ်၊ အိမ်ပြန်ရောက်၊ အနားယူ။ ဒီလိုနဲ့ လုံးလည်ချာလည်လိုက်နေတဲ့ဘဝကို စိတ်ကုန်လာပြီ။ ထိုပြဿနာထဲကနေ အောင်မြင်မှုရရှိတဲ့ဘဝတစ်ခု ပိုင်ဆိုင်နိုင်အောင် ဘယ်လို ကြိုးစားရမလဲ။

ဒီလိုပြဿနာမှာဆိုရင် အဓိက အကြောင်းအရင်းကတော့ ကိုယ့်ကိုယ့်ကို သံသယဝင်ခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိခြင်း အစရှိတဲ့ တရားခံတွေကြောင့်ပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့အရည်အချင်းကို ကိုယ်ကိုယ်တိုင် ယုံကြည်ပြီး ကိုယ့်လမ်းကိုယ်ဖောက်ကာ လျှောက်လှမ်းမယ်ဆိုရင်တော့ ဒီလိုမျိုး ပျင်းရိ ငြီးငွေ့ဖွယ်ကောင်းတဲ့ဘဝကနေ ရုန်းထွက်နိုင်ပြီး အခြားသောသူများနှင့် မတူညီတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

ပြဿနာများအားလုံးသည် အတူတူပါပဲ။ ထုပ်ပိုးမှုပုံစံပဲ ကွာသွားတာပါ

ပြဿနာ ရင်ဆိုင်

ဒီလိုပြောလိုက်လို့ ကွီးတို့အနေနဲ့ “ဘာကြီးလဲဟ” ဆိုတဲ့ ကြောင်စီစီ ခံစားချက်မျိုးကို ခံစားရပါလိမ့်မယ်။ တကယ်တော့ ပြဿနာတွေအားလုံးသည် ပုံစံအတူတူတွေချည်းပါပဲ။ ကိုယ့်ဆီသို့ချဥ်းကပ်လာပုံပဲ ကွာခြားသွားတာဖြစ်ပါတယ်။

ပြဿနာတစ်ခုကို ဖြေရှင်းတဲ့အခါ စိတ်ရှင်းရှင်းထားပြီး အမြင်ကျယ်ကျယ်ထားဖို့လည်း လိုအပ်ပါတယ်။ အမြင်ကျယ်ကျယ်ထားပြီး အကောင်းမြင်စိတ်နဲ့ ပြဿနာများကို ဖြေရှင်းတဲ့အခါ အကြံဥာဏ်သစ်များ၊ ဖြေရှင်းနည်းအသစ်များကိုလည်း စဥ်းစားနိုင်ပြီး ကိုယ့်ရဲ့ရှုထောင့်ကိုလည်း အမျိုးမျိုးပြောင်းလဲကာ တွေးခေါ်နိုင်ပါတယ်။ ရှုထောင့်တွေ ပြောင်းလဲကာ စဥ်းစားခြင်းအားဖြင့် အကောင်းဆုံးသော အဖြေများ၊ ဖြေရှင်းနည်းများကိုလည်း ရှာဖွေနိုင်မှာပဲဖြစ်ပါတယ်။

ဒီလိုမဟုတ်ဘဲ၊ ပြဿနာတစ်ခု ကြုံလေတိုင်း လက်မှိုင်ချပြီး မကောင်းမြင်စိတ်ပဲ ထားပြီး ဖြေရှင်းဖို့ ကြိုးစားမယ်ဆိုရင်တော့ ပြဿနာကို ကောင်းစွာ ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ မကောင်းမြင်စိတ်ရှိသူရဲ့ ဘဝသည်လည်း တိုးတက်မှုရှိမှာမဟုတ်ဘဲ ဆုတ်ယုတ်မှုနဲ့သာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

မိမိရဲ့ ဦးနှောက်ကို အလုပ်ပေးပါ

ပြဿနာ ရင်ဆိုင်

ပြဿနာတစ်ခု ကြုံရတဲ့အခါ ကိုယ့်ကိုယ်ကို မေးခွန်းပေါင်းစုံမေးပြီး မိမိဦးနှောက်ကို သွေးလိုက်ပါ။ ဒီလိုမျိုး ကိုယ့်ဦးနှောက်ကို အလုပ်ပေးခြင်းအားဖြင့် တီထွင်ကြံဆနိုင်စွမ်းလည်း ပိုမိုမြင့်မားလာပြီး အတွေးပေါင်းများစွာလည်း ထွက်ရှိလာမှာဖြစ်ပါတယ်။ ပြဿနာတစ်ခုအတွက် ဖြေရှင်းနည်းတစ်ခုတည်းကိုသာ အာရုံမစိုက်ဘဲ ရှုထောင့်ပေါင်းစုံကနေ စဥ်းစားကာ ဖြေရှင်းနည်းမျိုးစုံကို အကြံထုတ်ရမှာပဲဖြစ်ပါတယ်။ ဒါမှသာလျှင် ကိုယ့်ရဲ့ပြဿနာအတွက် ထိရောက်မှုအရှိဆုံးနဲ့ အကောင်းဆုံးဖြေရှင်းနည်းကို အသုံးချနိုင်မှာပဲဖြစ်ပါတယ်။

ဖြေရှင်းနည်းများအားလုံးကို စမ်းသပ်ကြည့်ကာ နောက်ဆုံးထွက်လာမယ့်ရလာဒ်ကို မြင်ယောင်ကြည့်လိုက်ပါ

problems and solutions

ကိုယ် ကြုံတွေ့နေရတဲ့ ပြဿနာအတွက် ဖြေရှင်းနည်းမျိုးစုံကို ရှာတွေ့သွားပြီဆိုရင်တော့ နောက်ထပ်တစ်ဆင့်က ထိုဖြေရှင်းနည်းများကို အစမ်းအသုံးချဖို့ လိုအပ်ပါတယ်။ စမ်းသပ်အသုံးချတယ်ဆိုတာကတော့ ဖြေရှင်းနည်းတစ်ခုကို အသုံးချခြင်းအားဖြင့် ဘယ်လိုအကျိုးဆက်များ၊ ရလာဒ်များ ရရှိနိုင်မလဲဆိုတာ စိတ်ကူးယဥ်ကာ မြင်ယောင်ကြည့်ခြင်းပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတဲ့ ကွက်ကြိုမြင်တတ်တဲ့ အလေ့အကျင့်ရှိဖို့ လိုအပ်ပါတယ်။ ကွီးတို့အနေနဲ့ ထိုအလေ့အကျင့်မရှိသေးဘူးဆိုရင်တော့ ကျင့်ယူရမှာပဲဖြစ်ပါတယ်။ ကွက်ကျော်မြင်တတ်ခြင်းသည် သင့်ရဲ့ဘဝကို ပိုမိုတိုးတက်လာအောင် ကူညီပေးနိုင်ပါတယ်။

အောင်မြင်မှုဆီ လျှောက်လှမ်းတဲ့အခါ ပြဿနာများးကို ကောင်းစွာအသုံးချတတ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ပြဿနာများကို အောင်မြင်မှုဆီသို့ လျှောက်လှမ်းတဲ့ လှေကားထစ်များသဖွယ် အသုံးချကာ တက်လှမ်းမယ်ဆိုရင်တော့ အောင်မြင်မှု အသီးအပွင့်ကို ခံစားရမှာ အမှန်ပါပဲ။ ဒါကြောင့် ဘယ်တော့မှ အရှုံးမပေးလိုက်ပါနဲ့။ ဒူးမထောက် လက်မမြှောက်လိုက်ပါနဲ့။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ “ငါ လုပ်နိုင်တယ်” ဆိုတဲ့စိတ်နဲ့ ကြိုးစားမယ်ဆိုရင်တော့ ဘဝမှာ အောင်မြင်မှာ အသေအချာပါပဲ။

Source: Successstory

Featured Image: Therightquestions