ဝတ်စားဆင်ယင်မှုက ကိုယ့်ရဲ့ Personality ကို ဖော်ပြခြင်းတစ်မျိုးပါပဲ။ ကိုယ်ရွေးချယ်ဝတ်ဆင်လိုက်တိုင်း ကိုယ်နဲ့ လိုက်ဖက်ပြီး ဖက်ရှင်ကျနေရင်တော့ အကောင်းဆုံးပဲပေါ့။ ဒါ့အပြင် ကိုယ်သွားရောက်မယ့်နေရာ၊ ကျင်လည်ရတဲ့ ပတ်ဝန်းကျင်နဲ့ လိုက်ဖက်အောင် ဝတ်စားဆင်ယင်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ ဒီလိုမျိုး ဝတ်ဆင်တတ်ဖို့ဆို သိထားရမယ့် အချက်လေးတွေလည်း ရှိနေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဖက်ရှင်ကျတဲ့ ဘီးကျဲတစ်ဗွေ ဖြစ်ဖို့ ကွီးတို့အသုံးချလိုက်နာရမယ့် အချက်လေးတွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

ကောင်းမွန်စွာ ဝတ်စားဆင်ယင်တတ်ပါစေ

ဖက်ရှင်ကျတဲ့ ဘီးကျဲတစ်ဗွေ

Photo : The Adult Man

ဖက်ရှင်ကျဖို့အတွက် အဓိကအခြေခံအချက်မှာ ကိုယ်နဲ့လိုက်ဖက်သော အဝတ်အစားကို ကောင်းမွန်စွာ ရွေးချယ် ဝတ်စားတတ်ဖို့ပါပဲ။ ကွီးတို့က နေ့စဉ်ရုံးသွားအဝတ်အစားကို ဖြစ်စေ၊ ပေါ့‌ပေါ့ပါးပါး ထသွားထလာ စတိုင်လ်ကို ဖြစ်စေ ရွေးချယ်မယ်ဆိုရင် ကောင်းမွန်စွာ ဝတ်ဆင်ပါ။ ကောင်းမွန်စွာ ဝတ်စားဆင်ယင်တတ်ခြင်းက ကွီးတို့ရဲ့ ပုံစံကို ပံ့ပိုးပေးနိုင်ပြီး သပ်ရပ်သော အသွင်အပြင်ကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့ကြောင့်် ကိုယ်ဝတ်ဆင်ချင်တဲ့ ပုံစံအလိုက် ကောင်းမွန်စွာ ဝတ်စားတတ်ဖို့ လေ့လာပါ။

ရိုးရှင်းမှုကို အခြေခံထားပါ

ဖက်ရှင်ကျတဲ့ ဘီးကျဲတစ်ဗွေ

Photo : DENIMXP

ဖက်ရှင်ကျဖို့ စတိုင်လ်မိဖို့ဆိုပြီး အရမ်းရှုတ်ရှက်ခတ်တဲ့ ပုံစံမျိုးကို ဝတ်ဆင်ဖို့ မလိုပါဘူး။ ဘယ်လို ဖက်ရှင်ကျအောင် ဝတ်စားရမလဲဆိုတာ သေချာမသိသေးတဲ့ ကွီးတို့အတွက်လည်း ဒီအချက်က အထောက်အကူ ပြု‌စေမှာပါ။ ဒါကတော့ ရိုးရှင်းစွာ ဝတ်ဆင်ခြင်းပါပဲ။ တစ်ခါတစ်လေမှာ အရိုးရှင်းဆုံးက အကောင်းဆုံးဆိုတာကို သဘောပေါက်ထားဖို့လိုပါတယ်။

ခန္ဓာကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်ဖို့ အလေးထားပါ

ဖက်ရှင်ကျတဲ့ ဘီးကျဲတစ်ဗွေ

Photo : Real Man Real Style

ဘယ်လောက်ပဲ ကောင်းမွန်တဲ့ အဝတ်အစားကို ရွေးချယ်ထားပါစေ၊ ခန္ဓာကိုယ်နဲ့ အံဝင်ခွင်ကျ မဖြစ်ဖူးဆိုပါက ကိုယ့်ရဲ့ အသွင်အပြင်အပေါ်မှာ များစွာ သက်ရောက်ပါလိမ့်မယ်။ ဒါ့ကြောင့် အဝတ်အစားတွေ ရွေးချယ်ရမှာ ချောင်လွန်း၊ ဝလွန်းတာမျိုး မဟုတ်ဘဲ၊ မိမိရဲ့ ခန္ဓာကိုယ်နဲ့ အချိုးအဆနဲ့ လိုက်ဖက်ညီတာကို ရွေးချယ်ပါ။

ဖိနပ်တွေကလည်း အရေးကြီးပါတယ်

Photo : Embassy London

အမျိုးသမီးတွေက အမျိုးသားတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သတ်ပြီး ပထမဆုံးသတိပြုမိတာကတော့ ဖိနပ်တွေပဲလို့ ဆိုပါတယ်။ ဒါ့ကြောင့် ဖိနပ်တွေကလည်း ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှု အလုံးစုံကို လွှမ်းမိုးမှု ရှိပါတယ်။ ဘယ်လောက်ပဲ မိမိရဲ့ ဝတ်စားဆင်ယင်မှုအပိုင်းမှာ စတိုင်လ်ကျပြီး သပ်ရပ်ကြည့်ကောင်းအောင် အားထုတ်ထားပါစေ၊ ညစ်ပတ်ပြီး လိုက်ဖက်မှု မရှိတဲ့ ဖိနပ်နဲ့တွဲပြီး ဝတ်စားဆင်ယင်မိပါက ကွီးတို့ရဲ့ အားထုတ်မှုက အချည်းနှီး ဖြစ်သွားမှာပါ။ ဒါကြောင့် ကိုယ်အမြဲဝတ်ဆင်မယ့် ပုံစံနဲ့လိုက်ဖက်တဲ့ ဖိနပ်ကောင်းကောင်းတစ်ရံမှာ ရင်းနှီးမြှပ်နှံ့ဖို့ မနှောမြောပါနဲ့။

Accessories တွေကို အသုံးချတတ်ပါစေ

Photo : Sense Orient

ဒီနေ့ခေတ် ဖက်ရှင်ရေစီးကြောင်းမှာ အမျိုးသား၊ အမျိုးသမီးမရွေး ဝတ်ဆင်အသုံးပြုလို့ရတဲ့ အသုံးအဆောင် ပစ္စည်းတွေ အများအပြားရှိနေပါပြီ။ ဒီလို Accessories တွေကို ကောင်းမွန်စွာ သူ့နေရာသူ အသုံးချတတ်ခြင်းက ကွီးတို့ရဲ့ စတိုင်လ်ကို တစ်ဆင့်မြှင့်ပေးနိုင်ပါတယ်။ ကွီးတို့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ နေရာ အလိုက် ပုတီးစေ့လက်ကောက်များ၊ ဆွဲကြိုးများ၊  လက်ပတ်ကြိုးများ၊ ဆွဲသီးများ၊ နာရီများနဲ့ နေကာမျက်မှန်များ စတာတွေကို အသုံးချနိုင်သလို တစ်ခါတစ်ရံမှာ ကွီးတို့ရဲ့ ဝတ်စားဆင်ယင်မှုက နေကာမျက်မှန်တစ်လက် ဒါမှမဟုတ် နာရီကောင်းကောင်းတစ်လုံးနဲ့ လုံလောက်ပါတယ်။

အထာကျပြီး စတိုင်လ်မိမိ ဝတ်စားဆင်ယင်တတ်ချင်တဲ့ ကွီးတို့အတွက် အထောက်အကူပြုစေမယ့် Fashion Tips လေးတွေကို ဝေမျှပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဖက်ရှင်ကျတဲ့ ဘီးကျဲတစ်ဗွေ ဖြစ်ဖို့ ဒီအချက်တွေကို အခုပဲ အသုံးချလိုက်ပါ။

Featured Photo : Askman India