ဝတ်စားဆင်ယင်မှုက အမျိုးသား၊ အမျိုးသမီးတိုင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုပါ။ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုလည်း ကိုယ်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ဖော်ပြနိုင်ပါတယ်။ အဝတ်အစားကို ကိုယ်နဲ့ လိုက်ဖက်ပြီး စတိုင်လ်ကျအောင် ဝတ်စားဆင်ယင်တတ်တာကလည်း ကျွမ်းကျင်မှု တစ်ခုပါပဲ။ ဒီကျွမ်းကျင်မှုက မွေးရာပါ ပါရမီပါမှ မဟုတ်ပါဘူး ကိုယ်တိုင်လေ့လာသင်ယူနိုင်ပါတယ်။ အဝတ်အစားတွေကို ကိုယ်နဲ့ လိုက်ဖက်အောင် ဘယ်လို ရွေးချယ်ရမလဲဆိုတာ သေချာမသိတာ ဖြစ်ဖြစ်၊ ဝတ်စားဆင်ယင်မှုပုံစံကို အလေးမထားဘဲ ဖြစ်သလို ဝတ်နေမိရင်ပဲ ဖြစ်ဖြစ်၊ ညီအစ်ကိုတို့ရဲ့ ဖက်ရှင်က မဂွမ်း ရင်တောင် လန်းနေမှာ မဟုတ်ပါဘူး။ ဒါကြောင့် ညီအစ်ကိုတို့ရဲ့ ဖက်ရှင် မ ဂွမ်း စေရ‌အောင် သိထားသင့်တဲ့ ဖက်ရှင်နဲ့ ပတ်သတ်တဲ့ အချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်ဗျာ။

ရိုးရှင်းမှုကို အခြေခံထားပါ

ဖက်ရှင် ဂွမ်း

Photo : Outfit Trends

အရိုးရှင်းဆုံးက အဆန်းပြားဆုံးပဲဆိုတာ ညီအစ်ကိုတို့ ကြားဖူးကြမှာပါ။ ကိုယ်က ဖက်ရှင်နဲ့ ပတ်သတ်ပြီး ဘာမှမသိသေးရင် အသစ်အဆန်းတွေ အများကြီး စမ်းသပ်ဝတ်ဆင်ကြည့်တာမျိုး မလုပ်ပါနဲ့။ ပေါ့ပေါ့ပါးပါးနဲ့ အရိုးရှင်းဆုံး ဝတ်စားဆင်ယင်မှုကိုသာ အလေးထားပါ။ အခြေခံ အဝတ်အစားတွေ ဖြစ်တဲ့ ရှပ်အင်္ကျီ၊ တီရှပ် စတာတွေကို ဘောင်းဘီရှည် တစ်ထည်ထည်နဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။ အရောင်များကိုလည်း အခြေခံကျသော အရောင်များကိုသာ ရွေးချယ်ပါ။

ခန္ဓာကိုယ်နဲ့ လိုက်ဖက်အောင် ဝတ်ဆင်ပါ

ဖက်ရှင် ဂွမ်း

Photo : Pitre Kanai Sistemleri

ကိုယ်ရဲ့ ခန္ဓာကိုယ်နဲ့ မလိုက်ဖက်တဲ့ အဝတ်အစားများကို ဝတ်ဆင်ခြင်းကလည်း ညီအစ်ကိုတို့ရဲ့ ဖက်ရှင် ကို ဂွမ်း စေပါတယ်။ ခန္ဓာကိုယ်နဲ့ ကျပ်လွန်းတဲ့ အဝတ်အစားတွေက ညီအစ်ကိုတို့ကို ကြည့်မကောင်းဖြစ်စေရုံသာမက သက်တောင့်သက်သာလည်း မဖြစ်စေပါဘူး။ ဒါ့အပြင် ချောင်လွန်း၊ ပွလွန်းတဲ့ အဝတ်အစားများကတော့ သက်တောင့်သက်သာ ရှိကောင်းရှိစေပါလိမ့်မယ်၊ သို့သော်လည်း စတိုင်လ်ကျမှုကိုတော့ မပေးစွမ်းနိုင်ပါဘူး။ ဒါ့ကြောင့် ကိုယ်ပိုင်စတိုင်လ်နှင့် သက်တောင့်သက်သာရှိမှုပေါ် မူတည်၍ ခန္ဓာကိုယ်အရွယ်အစားနဲ့ သင့်တော်ပြီး လိုက်ဖက်ညီတဲ့ ဝတ်စားဆင်ယင်မှုကို ဦးစားပေးပါ။

ခေတ်ရေစီးကြောင်း နောက်ကို အရမ်းမလိုက်ပါနဲ့

ဖက်ရှင် ဂွမ်း

Photo : Vogue

တိုးတက်လာတဲ့ ခေတ်နဲ့အညီ ဖက်ရှင်ရေစီးကြောင်းကလည်း တစ်နေ့နဲ့ တစ်နေ့ ပြောင်းလဲတိုးတက်လာနေပါတယ်။ အသစ်အဆန်းတွေ နေ့တိုင်းလိုလို ပေါ်နေပြီး ဖက်ရှင် Trend တွေကလည်း နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတာပါ။ ဖက်ရှင်ကျနေစေဖို့ ခေတ်ရေစီးကြောင်းကို မျက်ခြေမပြတ်ဖို့ လိုသော်လည်း အမြဲလိုလို ခေတ်ရေစီးကြောင်းနောက်ကို လိုက်နေစရာမလိုတာ သတိပြုရပါမယ်။ အဓိကကတော့ ကိုယ်နဲ့လိုက်ဖက်ပြီး ကိုယ့်ရဲ့ စတိုင်လ်ကို တစ်ဆင့်မြှင့်တင်ပေးနိုင်တာမျိုး ရွေးချယ်ရမှာ ဖြစ်ပါတယ်။

ဖိနပ်များမှာ ရင်းနှီးမြှပ်နှံဖို့ မနှမြောပါနဲ့

Photo : MensXP

ဖက်ရှင်လို့ ပြောလိုက်ရင် ခေါင်းအစခြေအဆုံး ဝတ်စားဆင်ယင်မှု ပါဝင်ပါတယ်။ အဝတ်အစားကို ဘယ်လိုပဲ စတိုင်လ်ကျအောင် ဝတ်ဆင်ထားပါစေ၊ ကိုယ်ဝတ်ဆင်ထားတဲ့ ဖိနပ်များနဲ့ လိုက်ဖက်မှု မရှိဘူးဆိုရင်တော့ ညီအစ်ကိုတို့ရဲ့ ဝတ်စားဆင်ယင်မှုက အချည်းနှီး ဖြစ်သွားမှာပါ။ ဒါကြောင့် ကိုယ်ဝတ်ဆင်ထားတဲ့ ဝတ်စားဆင်ယင်မှု ပုံစံနဲ့ လိုက်ဖက်တဲ့ ဖိနပ်များကို ရွေးချယ်ဝတ်ဆင်ပါ။ အမြဲလိုလို ဝတ်ဆင်နေကျ ပုံစံနဲ့ လိုက်ဖက်တဲ့ ဖိနပ်ကောင်းကောင်းတစ်ရံမှာ ရင်းနှီးမြှပ်နှံဖို့ မနှမြောပါနဲ့။

Accessories များကို သူ့နေရာနဲ့သူ ရွေးချယ်ဝတ်ဆင်တတ်ပါစေ

Photo : Classy Men Collection

Accessories တွေက ညီအစ်ကိုတို့ရဲ့ ဖက်ရှင် ကို လန်းအောင် ပြုလုပ်ပေးနိုင်သလို၊ ဂွမ်း သွားအောင်လည်း ပြုလုပ်ပေးနိုင်ပါတယ်။ အရေးကြီးတဲ့ အချက်ကတော့ ကိုယ့်ဝတ်တဲ့ အဝတ်အစား၊ ကိုယ်သွားမဲ့ နေရာပေါ်လိုက်ပြီး လိုက်ဖက်တဲ့ Accessories များကို ရွေးချယ်တတ်ပါစေ။ ညီအစ်ကိုတို့ ပေါ့ပေါ့ပါးပါး Street Fashion နဲ့ တွဲဖက်ဝတ်ဆင်ဖို့ဆိုရင် လက်ပတ်တွေ၊ ဆွဲကြိုးတွေ၊ လက်စွပ်တွေ စိတ်ကြိုက်ဝတ်ဆင်နိုင်သော်လည်းပဲ လုပ်ငန်းခွင်မှာ သို့မဟုတ် လုပ်ငန်းပိုင်းဆိုင်ရာ နေရာများအတွက်ဆိုရင်တော့ လက်ပတ်နာရီကောင်းကောင်း တစ်လုံးနဲ့တင် လုံလောက်ပါတယ်။

ညီအစ်ကိုတို့ရေ ဖက်ရှင် မဂွမ်းဘဲ လန်းနေစေဖို့ ဒီအချက်လေးတွေတော့ သိထားဖို့ လိုတယ်နော်။

Featured Photo : Luxatic