အဝတ်အစားမှာ ခေတ်နဲ့အညီ ဖြစ်ချင်ရင် အလွယ်ဆုံးနည်းလမ်းရှိပါတယ်။ အဲ့ဒါကတော့ ရုပ်ရှင်ကားတွေထဲက မင်းသားမင်းသမီးတွေရဲ့ ဝတ်ပုံစားပုံ ဖက်ရှင်ကို လေ့လာဖို့ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ဖက်ရှင် အသစ်အဆန်းမှာ ပျော်မွေ့သူ အမျိုးသားတို့အတွက် မလွတ်တမ်း ကြည့်ရှုသင့်တဲ့ TV ဇာတ်လမ်းတွဲ တချို့အကြောင်း မျှဝေပေးလိုက်ပါတယ်။

(၁) Mad Men (2007-2015)

စတိုင်ကျတဲ့ ဝတ်စားဆင်ယင်မှုအကြောင်း သိဖို့အတွက် ကြည့်သင့်တဲ့ TV Shows တွေထဲမှာ Mad Men ဇာတ်လမ်းတွဲလည်း မပါလို့ မဖြစ်ပါဘူး။ Mad Men Shows တွေက ခေတ်မရိုးတဲ့ Classic စတိုင် ထူးခြားကွဲလွဲတဲ့ Suits နဲ့ စတိုင်တွေပါ အပုံကြီး ပါဝင်လို့ ဖြစ်ပါတယ်။ Two-Piece Suits တွေ ဝတ်ရတာ ကြိုက်ရင်တော့ Don Draper အဖြစ် သရုပ်ဆောင်ခဲ့တဲ့ အမေရိကန်မင်းသားကြီး Jon Hamm ရဲ့ ဖက်ရှင်ကို အတုယူသင့်သလို Three-Piece Suits ဖက်ရှင်မျိုး ကြိုက်သူတွေ အတွက်တော့ Roger Sterling အဖြစ် သရုပ်ဆောင်တဲ့ မင်းသားကြီး John Slattery ဆီကနေ လေ့လာဖို့ ကောင်းပါတယ်။

(၂) Sherlock (2010 – Present)

ကမ္ဘာကျော် စုံထောက်ဝတ္ထုဆရာကြီး ဆာအာသာ ကွန်နင်ဒွိုင်း ရေးတဲ့ Sherlock Holmes စုံထောက်ဝတ္ထုတွေကို ခေတ်နဲ့အညီ ပြန်ပြီး ဖန်တီးထားတဲ့ Sherlock စီးရီးတွေကို မင်းသားကြီး Benedict Cumberbatch က Sherlock Holmes အဖြစ် Martin Freeman က ဒေါက်တာ John Watson အဖြစ် TV Series လို အသက်သွင်းရာမှာလည်း နာမည်ကျော်ပါတယ်။ ၂၀၁၀ ကနေ အခုထိ Episodes ပေါင်း ၁၃ ခု ၊ Series ၄ ခု ထွက်ထားပါတယ်။ Sherlock TV Series ဟာ ဇာတ်ညွှန်း ၊ သရုပ်ဆောင်နဲ့ ရိုက်ကူးညွှန်ကြားမှု အတတ်ပညာအရပါ ချီးကျူးခံထားရပါတယ်။ ဖက်ရှင် ချစ်သူတွေ အကြားမှာလည်း Sherlock TV Series ထဲက ဖက်ရှင်တွေဟာ ယူကေဖက်ရှင်အဖြစ် အတုယူ နည်းမှီးစရာအဖြစ် ကျော်ကြားပါတယ်။

(၃) Suits (2011 – 2019)

နောက်ထပ် ဖက်ရှင် ချစ်သူတွေ ကြည့်ဖို့ ညွှန်းချင်တဲ့ TV Series တစ်ခုက ၂၀၁၁ ကနေ ၂၀၁၉ ခုနှစ်အထိ ထုတ်လုပ်တင်ဆက်ခဲ့တဲ့ Suits TV Series ကို မျှဝေရမှာပါ။ ဒီစီးရီးမှာ ဟားဗတ်ဥပဒေဘွဲ့ရ Harvey Specter အဖြစ် သရုပ်ဆောင်တဲ့ မင်းသား Gabriel Macht ရဲ့ စတိုင်က အတုယူစရာပါ။ ပုံမှန် Uniform အနေနဲ့ ဆိုင်ချုပ် Two-Piece Tom Ford Suit ကိုမှ Single Vent နဲ့ တွဲဝတ်တဲ့ Harvey Specter ရဲ့ စတိုင်ကလည်း ကြည့်ကောင်းလှပါတယ်။

(၄) Downton Abbey (2010 – 2015)

Downton Abbey ဟာ ဗြိတိန် သမိုင်းနောက်ခံ ဒရာမာ TV Series တစ်ခု ဖြစ်ပြီး ၂၀ ရာစုအစောပိုင်းခေတ်ကို ဇာတ်အိမ်တည်ထားပါတယ်။ ဒီရုပ်ရှင်ဟာ အထက်တန်းလွှာ လူတန်းစားတစ်ရပ်ဖြစ်တဲ့ Crawley မိသားစု နဲ့ သူတို့ရဲ့ အိမ်စေတွေရဲ့ ဘဝကို ဖော်ပြထားတာပါ။ အက်ဒွပ်ခေတ်အလွန်ကာလ ဗြိတိန်လူမှုဘဝ နဲ့ လူတန်းစားလက္ခဏာအကြောင်း တွေ့မြင်ရမယ့် ရုပ်ရှင်လည်း ဖြစ်ပါတယ်။ Downton Abbey ဟာ TV ဇာတ်လမ်းတွဲ ဝေဖန်သူတွေ ချီးကျူးခံရသလို ဆုအနေနဲ့လည်း Golden Globe Award for Best Miniseries or Television Film တစ်ဆု နဲ့ Primetime Emmy Award for Outstanding Miniseries or Movie အပါအဝင် ဆုအမျိုးမျိုး ရခဲ့ပါတယ်။ ထူးထူးခြားခြား အနေနဲ့ ၂၀၁၁ ခုနှစ်အတွက် အင်္ဂလိပ်စကားပြော TV Series တွေထဲမှာ ချီးကျူးမှု အများဆုံးအဖြစ် Guinness World Records က ဖော်ပြခဲ့ပါတယ်။ ရုပ်ရှင် TV Series အနေနဲ့ မဖြစ်မနေ ကြည့်သင့်သလို Style Lessons အနေနဲ့လည်း သင်ခန်းစာတွေ အများကြီး ပေးမယ့် TV Series တစ်ခုပါပဲ။

(၅) Peaky Blinders (2013 – Present)

တီဗွီစီရီး တစ်ခုအနေနဲ့ ပရိသတ်အားပေးမှုရထားတဲ့ Peaky Blinders စီးရီးဟာ မသိရင် ဖက်ရှင်ကားတစ်ကားလို့တောင် မှတ်ရလောက်အောင် ဖက်ရှင် အကြောင်း နည်းယူစရာတွေ ပါတဲ့ ရုပ်ရှင်စီးရီးတစ်ခုဖြစ်ပါတယ်။ ၁၉ ရာစုအကုန် ၂၀ ရာစုအဆန်းပိုင်းက အင်္ဂလန်နိုင်ငံ ဘာမင်ဂမ်က Peaky Blinders ဆိုတဲ့ ပြစ်မှုကျူးလွန်တဲ့လူငယ်ဂိုဏ်တစ်ဖွဲ့အကြောင်း ရိုက်ထားတာ ဖြစ်ပေမယ့် ဒီရုပ်ရှင်စီးရီးမှာ သုံးသွားတဲ့ ဖက်ရှင်လေးတွေက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အနည်းဆုံးတော့ အဓိကဇာတ်ကောင် တွမ်မီရှယ်လ်ဘီရဲ့ စီးကရက်သောက်တဲ့စတိုင် ၊ သူတို့ခေတ်က ဆံပင်ပုံစံနဲ့ သူဆောင်းတဲ့ Flat Cap ဦးထုပ်တွေဟာ အခုချိန်မှာ ပြန်ပြီး ခေတ်စားလာနေပါတယ်။

Featured Photo : fictionhorizon