ဘောလုံးလောကမှာ GOAT ကြီး နှစ်ယောက်ရဲ့ သက်ရောက်မှုတွေက တကယ်ကို ကြီးမားလွန်းလှပါတယ်။ Ronaldo Effect ကြောင့် ဆော်ဒီလိဂ်ဆီကို ကစားသမားကောင်းတွေ သော်သောက်လဲ ရောက်ရှိနေခဲ့ရသလို အခုလည်း Messi Effect ကြောင့် မေဂျာလိဂ်မှာ ရုန်းကန်နေရတဲ့ သက်တမ်းနု အသင်းတစ်သင်းကပါ ကာလတိုအတွင်းမှာပဲ အသင်း သမိုင်းတလျှောက် ပထမဆုံး ဆုဖလားပါ ပိုင်ဆိုင်သွားခဲ့ရပါတယ်။ ဒီကစားသမားကြီး နှစ်ယောက်ရဲ့ သက်ရောက်မှုတွေက တကယ့် တကယ်ကို ကြီးမားလွန်းပါပေတယ်။
Photo Credit : Leagues Cup
တကယ်တော့ မက်ဆီကိုလည်း ဆော်ဒီကလပ်တွေက သူတို့လိဂ်ဆီ ရောက်လာအောင် ကြိုးပမ်းခဲ့ပါသေးတယ်။ ဒါပေမယ့် မက်ဆီက ဆော်ဒီရဲ့ မက်မောလောက်စရာ ငြင်းရခက်လောက်စရာ ကမ်းလှမ်းမှုကိုတောင် လစ်လျူရှုပြီး အင်တာ မိုင်ယာမီအသင်းကိုပဲ ရွေးချယ်ခဲ့ပါတယ်။ သူ ရွေးချယ်လိုက်တဲ့ အင်တာ မိုင်ယာမီက အသင်း တည်ထောင်ထားတာတောင် (၁၀)နှစ် သက်တမ်းမရှိသေးတဲ့ အသင်းတစ်သင်း ဖြစ်သလို ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းပါ အားရစရာ ရှိမနေတဲ့ အသင်းပါ။ ဒါပေမယ့် Messi Effect ကြောင့်ပဲ မိုင်ယာမီက နတ်ရေကန်ထဲကနေ ပြန်ထွက်လာခဲ့တဲ့ အသင်းတစ်သင်းပမာ ဖြစ်သွားခဲ့ပါတယ်။
Photo Credit : Twitter
ရလဒ်တွေ တောက်လျှောက် ဆိုးရွှားနေတဲ့ အသင်းက မက်ဆီ ရောက်လာမှပဲ လုံးဝကြီးကို ပြောင်းလဲသွားခဲ့ပြီး အသင်းသားတွေကလည်း ငါတို့ အသင်းဆီ မက်ဆီလို ကစားသမားမျိုး ရောက်လာပြီကွဆိုကာ ယုံကြည်မှုတွေရော ခြေစွမ်းတွေပါ အကုန် မြှင့်မားလာခဲ့ရပါတယ်။ မက်ဆီပဲကောင်းလို့ မိုင်ယာမီအသင်းက အခုလို ဆုဖလား ပိုင်ဆိုင်နိုင်ခဲ့တာ မဟုတ်ပေမယ့်လည်း မက်ဆီရဲ့ သက်ရောက်မှုတွေကြောင့် မိုင်ယာမီက အခုလို ချန်ပီယံ ဖြစ်လာရတာကတော့ ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး။
Photo Credit : B/R Football
ဒီ ၂၀၂၃ခုနှစ်ထဲမှာပဲ မက်ဆီ ရော်နယ်လ်ဒို နေမာ ဘန်ဇီမာ အစရှိတဲ့ ဘောလုံး လောကရဲ့ icon players ကြီးတွေ အားလုံးနီးပါးလောက်ကို ဥရောပ ဘောလုံးနယ်ပယ်ထဲကနေ လက်လွတ်ခဲ့ရတယ်။ ဒီထဲမှာ ကျွန်တော်တို့ရဲ့ ချစ်လှစွာသော GOAT ကြီး နှစ်ဦးက ထိပ်ဆုံးက ပါဝင်သွားပါတယ်။ ဒါပေမယ့် သူတို့က ဘယ်နေရာကို ရောက်နေရောက်နေ အောင်မြင်မှုတွေ ဆုဖလားတွေ စံချိန် မှတ်တမ်းကောင်းတွေနဲ့ အလှမ်းဝေးမသွားသေးဘူး ဆိုတာကိုလည်း ဒီသြဂုတ်လထဲမှာပဲ အသီးသီး သက်သေပြထားခဲ့ကြပါတယ်။ မကြာခင်မှာ ကစားသမားဘဝ အဆုံးသတ်ဖို့ နီးစပ်လာနေတဲ့ ဒီ GOAT ကြီး နှစ်ဦးရဲ့ performance တွေကို ကြည့်ရှုရင်း fan စွဲတွေ မထားပဲ နှစ်ဦးလုံးကို အတူတူ အားပေးဖို့ အသိအမှတ်ပြုပေးဖို့ လိုအပ်တယ်လို့ ထင်မိပါတယ်ခင်ဗျာ။