အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ဟာ ကမ္ဘာပေါ်က နာမည်ကြီး အနုပညာရှင်အမြောက်အများ ပေါ်ထွက်ရာဒေသတစ်ခုလို့ ပြောရမှာပါ။ ဖလော်ရီဒါ အခြေစိုက် ဂီတ တီးဝိုင်းအဖွဲ့တွေ ၊ ကျော်ကြားတဲ့ ဂီတအနုပညာရှင်တွေ ၊ ရုပ်ရှင်နဲ့ ပြဇာတ်သရုပ်ဆောင်တွေ ၊ စာရေးဆရာကြီးတွေအပြင် လက်ရှိ ဟစ်ဟော့ လောကထဲက နာမည်ကြီး ရက်ပ်ပါ တော်တော်များများကလည်း ဖလော်ရီဒါ ပြည်နယ်သားတွေပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ နာမည်အကြီးဆုံး ဖလော်ရီဒါ ရက်ပ်ပါ ၅ ဦး အကြောင်းပြောပြပေးချင်ပါတယ်။

(၁) XXX Tentacion


Photo : XXL Mag

ပရိသတ်တွေကြား ရေပန်းအစားဆုံး ဖြစ်ခဲ့တဲ့ နာမည်ကြီး လူငယ် ရက်ပ်ပါ XXX Tentacion ဟာ ဖလော်ရီဒါ ပြည်နယ်သား ရက်ပ်ပါ တစ်ယောက်ပါ။ သူ့ကို ၁၉၉၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့မှာ မွေးခဲ့ပါတယ်။ Look At Me သီချင်းနဲ့ ပရိသတ်တွေလူသိများခဲ့ကြပြီး အောင်မြင်တဲ့ သီချင်းပေါင်းများစွာကိုလည်း ဖန်တီးနိုင်ခဲ့တဲ့ လူငယ် ဟစ်ဟော့ဂီတ ပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် XXX Tentacion ဟာ ၂၀၁၈ ခုနှစ်က ဖလော်ရီဒါမှာပဲ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ်။

(၂) T-Pain

Photo : Entertainment Weekly

ဖလော်ရီဒါပြည်နယ်ရဲ့ အကောင်းဆုံး ရက်ပ်ပါတွေထဲက တစ်ယောက်ကို ပြောပါဆိုရင် T-Pain ကို သေချာပေါက် ညွှန်းရပါလိမ့်မယ်။ T-Pain ဆိုတဲ့ အနုပညာနာမည်နဲ့ ပရိသတ်တွေကြား လူသိများရေပန်းစားတဲ့ အမေရိကန် ရက်ပ်ပါ Faheem Rasheed Najm ဟာ အဆိုတော် ၊ သီချင်းရေး ဆရာနဲ့ Record Producer တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ကို ၁၉၈၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှာ မွေးခဲ့ပါတယ်။ Nappy Headz ရက်ပ်အဖွဲ့ရဲ့ Member တစ်ဦးအနေနဲ့ သီချင်းတွေ စလုပ်ခဲ့ပြီး ပွဲဦးထွက် အယ်လ်ဘမ် Rappa Ternt Sanga ကလည်း အောင်မြင်မှု အကြီးအကျယ် ရရှိခဲ့ပါတယ်။ သူဟာ Lil Wayne ၊ Kanye West တို့နဲ့လည်း အမိုက်စားသီချင်းတွေ အတူတွဲ ဖန်တီးခဲ့ပါသေးတယ်။

(၃) Flo Rida

Photo : The Drinks Business

Flo Rida ဆိုတဲ့ နာမည်နဲ့ အမေရိကန် ရက်ပ်ပါကတော့ ဖလော်ရီဒါ ပြည်နယ်သားတွေထဲမှာ ထူးခြားတဲ့ ရက်ပ်ပါတစ်ယောက် ဖြစ်ပါတယ်။ သူရဲ့ နာမည်အရင်းကတော့ Tramar Lacel Dillard ဖြစ်ပြီး ၁၉၇၉ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့မှာ မွေးခဲ့ပါတယ်။ သူဟာ ဂီတလောကထဲက ရောင်းအားအကောင်းဆုံး တေးသံရှင်တွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ Low လို့ အမည်ရတဲ့ သူရဲ့ ပွဲဦးထွက် သီချင်းလေးကတော့ တစ်ချိန်က ပရိသတ်တွေကြားမှာ မသိတဲ့သူမရှိလောက်အောင် အတော်လေးဟော့ ဖြစ်ခဲ့ပြီး US 100 Chart မှာလည်း ၁၀ ပတ်ကြာ ထိပ်ဆုံးနေရာကနေ ရပ်တည်ခဲ့ပါတယ်။၂၀၁၀ ခုနှစ် ဒီဇင်ဘာမှာ International Music Group ကိုတည်ထောင်ခဲ့ပြီး ပရိသတ်အားပေးမှုအများဆုံး သီချင်းများစွာနဲ့အတူ  Music Charts တွေမှာ အောင်မြင်မှုတွေများစွာ သိမ်းပိုက်ထားတဲ့ ဖလော်ရီဒါ ရက်ပ်ပါ တစ်ယောက် ဖြစ်ပါတယ်။

(၄) Pitbull


Photo : Billboard

မြူးမြူးကြွကြွ Dance Songs တွေနဲ့ လူကြိုက်များတဲ့ Pitbull ဟာလည်း ဖလော်ရီဒါသား ရက်ပ်ပါတစ်ယောက် ဖြစ်ပါတယ်။ Pitbull ရဲ့ နာမည်အရင်းကတော့ Armando Christian Perez ဖြစ်ပြီး ၁၉၈၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ မွေးခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ M.I.A.M.I. လို့နာမည်ပေးထားတဲ့ ပွဲဦးထွက် အယ်လ်ဘမ်ထုတ်ခဲ့ပြီး Janet Jackson ၊ Usher နဲ့ Cypress Hill တို့လို နာမည်ကြီး ဂီတပညာရှင်တွေနဲ့ သီချင်းတွေအများကြီး အတူတွဲ ဖန်တီးခဲ့ပါတယ်။ Pitbull ရဲ့ Mucis Concert Tours တွေဟာလည်း ပရိသတ်တွေ တိုးမပေါက်အောင် အောင်မြင်မှု အကြီးအကျယ်ရရှိထားပြီး ဒီနေ့အထိ လူကြိုက်များနေဆဲ ရက်ပ်ပါ တစ်ယောက်ဖြစ်ပါတယ်။

(၅) Lil Pump

ဖလော်ရီဒါ ရက်ပ်ပါ

Photo : Rolling Stone

၂၀၁၇ ခုနှစ်က Billboard Hot 100 ရဲ့ နံပါတ် ၃ နေရာမှာ ရပ်တည်ခဲ့တဲ့ Gucci Gang သီချင်းနဲ့ နာမည်ကြီးလာတဲ့ ဒီဘက်ခေတ်ရဲ့ လူကြိုက်အများဆုံး လူငယ်ရက်ပ်ပါ Lil Pump ကလည်း ဖလော်ရီဒါ ပြည်နယ်သား တစ်ယောက် ဖြစ်ပါတယ်။ သူ့ကို ၂၀၀၀ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့မှာ မွေးခဲ့ပြီး နာမည်အရင်းကတော့ Gazzy Garcia ဖြစ်ပါတယ်။ လူငယ်ဆန်တဲ့ အမိုက်စားဂီတဖန်တီးမှုပုံစံတွေကြောင့် SoundCloud ပေါ်ကနေတဆင့် တစ်စထက် တစ်စ ရေပန်းစားလာခဲ့ပြီး Drumstick ၊ Elementary ၊ Gang Shit နဲ့ Ignorant စတဲ့ သီချင်းတွေကတော့ သူရဲ့အကောင်းဆုံး ဂီတအနုပညာဖန်တီးမှုလက်ရာ တွေလို့ ပြောရမှာ ဖြစ်ပါတယ်။

ဟစ်ဟော့ လောကထဲက နောက်ထပ် ဖလော်ရီဒါ ပြည်နယ်ဖွား နာမည်အကြီးဆုံး ရက်ပ်ပါ စာရင်းမှာ Denzel Curry ၊ Kodak Black ၊ YNW Melly ၊ Mase ၊ Trina ၊ Trick Daddy ၊ Bobby Shmurda ၊ Ski Mask the Slump God ၊ Rick Ross နဲ့ Ace Hood တို့လည်း ပါဝင်ပါတယ်။

Featured Photo : Billboard