ကာတာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး စတင်ဖို့ အချိန် ၂ လသာ လိုပါတော့တယ်။ ဖီဖာ ဟာ တ ရုတ်ဖုန်းကုမ္ပဏီ တစ်ခုဖြစ်တဲ့ Vivo နဲ့ ဒုတိယမြောက် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် လက်တွဲလိုက်ပြီဖြစ်ပြီး Vivo က ပြိုင်ပွဲကာလတစ်လျှောက်လုံးမှာ တရားဝင်စမတ်ဖုန်းပါတနာ ဖြစ်လာမှာပဲ ဖြစ်ပါတယ်။


Photo : China Daily

Vivo အနေနဲ့ ဖီဖာနဲ့ အခုလိုပူးပေါင်းဆောင်ရွက်မှုကို ဖီဖာရဲ့ ၁၁၈ နှစ်မြောက် နှစ်ပတ်လည်နေ့နဲ့ တိုက်ဆိုင်တဲ့ ယမန်နေ့က ကျင်းပခဲ့တဲ့ Vivo X Fold+ မိတ်ဆက်ပွဲအတွင်းမှာ ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။

ယခုနှစ် ပူးပေါင်းဆောင်ရွက်မှုအတွက် ဖီဖာ အနေနဲ့ Vivo ရဲ့ Logo ကို အားကစားကွင်းရဲ့ ဘေးစည်း Panels တွေ ၊ အင်တာဗျူး အစီအစဉ်တွေမှာသုံးမယ့် နောက်ခံ Backboard နဲ့ တခြား မြင်သာတဲ့ အဓိကကြော်ငြာနေရာတွေမှာ ထည့်သွင်းအသုံးပြုသွားမှာ ဖြစ်ပါတယ်။

Vivo ဘက်ကလည်း ကမ္ဘာ့ဖလားဝန်ထမ်းတွေ အနေနဲ့ ပြိုင်ပွဲရဲ့ ကြိုတင်ပြင်ဆင်ရေးအပိုင်းတွေ ပြီးစီးဖို့နဲ့ ပြိုင်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် နောက်ဆုံးပေါ် နည်းပညာမြင့် စမတ်ဖုန်းတွေကို ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

ယခုလို လက်တွဲဆောင်ရွက်မှုဟာ Vivo အတွက် ကမ္ဘာလုံးဆိုင်ရာမှာ နောက်ထပ်ခြေလှမ်းသစ်တစ်ခုဖြစ်ပြီး Vivo အမှတ်တံဆိပ်ကို ပိုပြီး တွင်တွင်ကျယ်ကျယ် လူသိလာစေဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ Vivo ကုမ္ပဏီဟာ ၂၀၁၄ ခုနှစ်က စတင်ပြီး နိုင်ငံနဲ့ ဒေသဈေးကွက်ပေါင်း ၆၀ ကျော်ကို ချဲ့ထွင်မှုတွေ လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပြီး အခုကာတာမှာ ၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလား‌ ရဲ့ တရားဝင် စမတ်ဖုန်းပါတနာ ဖြစ်လာတဲ့အတွက် Vivo အသုံးပြုသူ သန်း ၄၀၀ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ပရိသတ် ၅ ဘီလီယံအထိ ရှိလာဖို့ မျှော်လင့်ထားပါတယ်။

Photo : Football World Cup Tickets

Vivo ဟာ ပြီးခဲ့တဲ့နှစ်က ကာတာမှာ ကျင်းပခဲ့တဲ့ အာရပ်ဖလားပြိုင်ပွဲအတွင်း ဖီဖာနဲ့ လက်တွဲဆောင်ရွက်ခဲ့သလို ယူအီးအက်ဖ်အေ ယူရို ၂၀၂၀ ပွဲစဉ်တွေမှာလည်း စပွန်ဆာအနေနဲ့ ပါဝင်ခဲ့ပါတယ်။

Featured Photo : GSMArena.com