ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်ဖိုင်နယ်မှာ သူရဲကောင်းဖြစ်ခဲ့တဲ့ ဘရာဇီးလ်လူငယ်ကြယ်ပွင့် ဗင်နီစီးယပ်စ် ကို ပေါင်သန်း ၅၀ နီးပါးတန်ကြေးရှိတဲ့ ၅ နှစ် စာချုပ်သစ်တစ်ရပ် မကြာခင်မှာ ချုပ်ဆိုသွားဖို့ ရှိတယ်လို့ အတည်ပြုလိုက်ပါတယ်။

Photo : Daily Mail

ဗင်နီစီးယပ်စ်ဟာ တနင်္ဂနွေနေ့က လီဗာပူးနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ၁၄ ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားကိုင်မြှောက်နိုင်မယ့် တစ်လုံးတည်းသောအနိုင်ဂိုးကို ဗယ်ဗာဒီရဲ့ ဖြတ်တင်ပေးပို့မှုကနေတဆင့် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၁ သာရှိသေးတဲ့ ဘရာဇီးသားဟာ ယခုနှစ်ရာသီမှာ နည်းပြ အန်ဆယ်လော့တီရဲ့အသင်းအတွက် သွင်းဂိုး ၂၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၀ ကြိမ်ပြုလုပ်ပေးခဲ့ပြီး လာလီဂါနဲ့ ချန်ပီယံလိဂ်ဆုဖလားတွေ ဆွတ်ခူးနိုင်အောင် အဓိကစွမ်းဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

ဗင်နီစီးယပ်စ်ဟာ ယခင်က ရီးရဲလ်မက်ဒရစ်အသင်းအတွက် တစ်ရာသီမှာ ၆ ဂိုးထက်ပိုပြီး မသွင်းနိုင်ခဲ့ပေမယ် ယခုနှစ်ရာသီမှာတော့ ခြေစွမ်းတွေ ပိုမိုတိုးတက်လာပြီး သွင်းဂိုး ၂၂ ဂိုးအထိ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရီးရဲလ်နဲ့ ဗင်နီစီးယပ်စ်ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၄ ခုနှစ်အထိ ရှိနေပြီး နောက်ထပ် ၁ နှစ် ထပ်မံသက်တမ်းတိုးခွင့်ရှိနေပေမယ့် စပိန်ကလပ်အသင်း ကတော့ တစ်ပတ်လုပ်ခ ပေါင် ၁၇၀၀၀၀ တန်ကြေးရှိတဲ့ ၅ နှစ်စာချုပ်နဲ့ ကာလရှည် သက်တမ်းတိုးဖို့ ဆန္ဒရှိနေတာပဲ ဖြစ်ပါတယ်။

Photo : Daily Mail

ရီးရဲလ်မက်ဒရစ်ဟာ မကြာသေးမီ နှစ်တွေအတွင်းက အီဒင် ဟာဇက်နဲ့ ဒေးဗစ် အလာဘာ တို့ကို ဝင်ငွေအများဆုံး ကစားသမားတွေအဖြစ် ကြီးမားတဲ့လုပ်ခလစာတွေနဲ့ ခေါ်ယူခဲ့ဖူးတာကြောင့် လက်ရှိ ဗင်နီစီးယပ်စ်ကို အကျိုးအမြတ်များတဲ့ စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းတာကအထူးအဆန်းတော့ မဟုတ်ပါဘူး။

အသက် ၁၈နှစ်အရွယ် ကတည်းက စပိန်ဘီလူးကြီး ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိလာခဲ့တဲ့ ဗင်နီစီးယပ်စ်ဟာ အခုလက်ရှိမှာတော့ ဘာနေဗျူးမှာ အဓိကအားထားရတဲ့ ကစားသမားတစ်ဦး အဖြစ် သူ့ရဲ့အရေးပါမှုကို မီးမောင်းထိုးပြနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Featured Photo : The Sun