အဲရစ် တန်ဟက် ဟာ အေဂျက်စ်အသင်းမှာတုန်းက အတူဆုံခဲ့ဖူးတဲ့ တပည့်ဟောင်း ဗန်ဒီဘိခ် နဲ့ မန်ချက်စတာ ယူနိုက်တာ မှာ ပြန်လည်လက်တွဲလိုကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။

Photo : The Mirror

ဗန်ဒီဘိခ် ဟာ တန်ဟက်ရဲ့ လက်အောက် ၂၀၁၈ – ၂၀၁၉ ရာသီမှာ အေဂျက်စ်အသင်းနဲ့အတူ အမှတ်ပေးဖလား ၊ ပြည်တွင်းလိဂ်ဖလား ၂ လုံး ဆွတ်ခူးရရှိခဲ့ပြီး၂၀၂၀ ခုနှစ် ဩဂုတ်လမှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြောင်းရွေ့ကြေး ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

နယ်သာလန် ကြယ်ပွင့်ကစားသမားဟာ အေဂျက်စ်အသင်းမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ယူနိုက်တက်မှာ နေရာရဖို့ ရုန်းကန်ခဲ့ရတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အဲဗာတန်အသင်းကို အငှားစာချုပ်နဲ့ ပြောင်းရွေ့သွားခဲ့ပါတယ်။

ယူနိုက်တက်နည်းပြသစ် တန်ဟက်က ” သေချာတာပေါ့ အေဂျက်စ်မှာတုန်းက ကျွန်တော်တို့ ကောင်းမွန်တဲ့ အသင်းအဖွဲ့တစ်ခု ရှိခဲ့ပါတယ် ၊ ကျွန်တော်တို့ ကြားမှာလည်း အရမ်းကောင်းတဲ့ ဆက်ဆံရေးတစ်ခု ရှိခဲ့တာကြောင့် သူနဲ့ ပြန်ဆုံရဖို့ မျှော်လင့်ပါတယ် ” လို့ ပြောခဲ့ပါတယ်။

အသက်၂၅ နှစ် အရွယ် နယ်သာလန်လက်ရွေးစင် ကစားသမား ဗန်ဒီဘိခ်ဟာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွေ့ခဲ့တဲ့နောက် လိဂ်ပွဲ ၄ ပွဲ စတင် ကစားခွင့်ရခဲ့ပြီး နောက်ပိုင်းမှာ ပွဲထွက်ခွင့်ရဖို့ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။

အဲဗာတန်အသင်းကို အငှားနဲ့ ပြောင်းရွေ့လာချိန်မှာလည်း ထင်သလောက် ခြွေစွမ်းပြနိုင်ခဲ့ခြင်းမရှိဘဲ အာဆင်နယ်အသင်းကို ၅ – ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ရာသီနောက်ဆုံး ပွဲစဉ်မှာ အဲဗာတန်အတွက် သူ့ရဲ့ပထမဆုံးသော သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo : CaughtOffside

ဗန်ဒီဘိခ် ဟာ လက်ရှိမှာတော့ နည်းပြ တန်ဟက် လက်အောက်မှာ ယူနိုက်တက်ကို ဒုတိယအကြိမ် ပြန်လည်ရောက်ရှိဖို့ မျှော်လင့်နေပါတယ်။ အေဂျက်စ်အသင်း ကစားသမားဘဝ တန်ဟက်လက်အောက်မှာ ကစားခဲ့စဉ်က အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ဥရောပထိပ်တန်း ကစားသ မားတစ်ဦး ဖြစ်လာခဲ့သလို အသင်းနဲ့ နောက်ဆုံးနှစ် ရာသီအတွင်းမှာ သွင်းဂိုး ၂၇ ဂိုးအထိ သွင်းပေးယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာလည်း ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်အသင်းတွေကို ကျော်ဖြတ်ပြီး အေဂျက်စ်အသင်းကို ချန်ပီယံလိဂ်ဖိုင်နယ် ရောက်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ နည်းပြ တန်ဟက်ကတော့ အေဂျက်စ်မှာတုန်းက ဗန်ဒီဘိခ်နဲ့ အတွဲညီခဲ့တဲ့ အသင်းဖော် ဖရန်ကီဒီဂျောင်ကိုလည်း ယခုနွေရာသီမှာ အိုးထရက်ဖို့ဒ်ကို အပြီးသတ် ခေါ်ယူသွားနိုင်ဖို့ ကြိုးပမ်းနေကြောင်း သတင်းတွေထွက်ပေါ်လျက် ရှိနေပါတယ်။

Featured Photo : SPORTbible