မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်းက ၎င်းရဲ့ အကောင်းဆုံး ဗဟိုခံစစ် ကစားသမား ၅ ဦးထဲမှာ ကိုယ့်ကိုကိုယ် နံပါတ် ၁ အဖြစ် သတ်မှတ်ပြီး ချဲလ်ဆီးအသင်းခေါင်းဆောင်ဟောင်းကို ပဥ္စမနေရာမှာ ထားခဲ့ပြီးနောက် ရီယို ဖာဒီနန် နဲ့ ဂျွန် တယ်ရီ တို့ဟာ ကြာသပတေးနေ့ညက တွစ်တာလူမှုကွန်ရက်ပေါ်မှာ အပြန်အလှန်အချင်းများခဲ့ကြပါတယ်။

Rio Ferdinand speaking on BT Sports

Photo: BT Sport

ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင် မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဖာဒီနန်က လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်နဲ့ပတ်သက်တဲ့ အကြောင်းအရာကို BT Sport မှာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်းဟာ ၎င်းနဲ့ နီမန်ညာ ဗီဒစ်၊ ဂျပ် စတမ်း၊ ဗန်ဒိုက်တို့ကို ချဲလ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဂျွန် တယ်ရီရဲ့ရှေ့မှာ ထားခဲ့တာဖြစ်ပါတယ်။

ဂျွန် တယ်ရီက ဖာဒီနန်ရဲ့ ထင်မြင်ယူဆချက်ကို ၎င်းရဲ့ အနိုင်ရရှိတဲ့ ရာခိုင်နှုန်း၊ သွင်းဂိုးတွေနဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်းအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့တာတွေ စတဲ့ အောင်မြင်မှုတွေကို အင်စတာဂရမ်မှာ “ထင်မြင်ယူဆချက်တွေက အရမ်းကောင်းမွန်ပေမယ့် ကိန်းဂဏန်းအချက်အလက်တွေကတော့ လိမ်လို့မရဘူး”ဆိုတဲ့ စာသားနဲ့အတူ စာရင်းနဲ့အင်းနဲ့ တင်ပြီး တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

Rio Ferdinand and John Terry

Photo: The Sun

ဖာဒီနန်က ချဲလ်ဆီးဂန္တဝင်ရဲ့ တုံ့ပြန်မှုကြောင့် ဆတ်ဆတ်ခါသွားခဲ့ပြီး ဂျွန် တယ်ရီကို ၎င်းရဲ့ညီ အန်တန် ဖာဒီနန်နဲ့ ဖြစ်ခဲ့တဲ့ကိစ္စပါ အစဖော်ပြီး မန်းရှင်းခေါ်ပြီး ပြန်ဖြဲခဲ့တာဖြစ်ပါတယ်။ “လူတစ်ယောက်က သူ့ရဲ့ ကိုယ်ပိုင် မှတ်တမ်းတွေနဲ့ ကိန်းဂဏန်းအချက်အလက်တွေကို စပြီး လူသိအောင် လုပ်လာတဲ့အချိန်က ထိခိုက်လွယ်တဲ့ အတ္တကို စတင်ဖြေရှင်းရမယ့် အချိန်ပဲ။ ငါ့ညီနဲ့ ဖြစ်ခဲ့တဲ့ လူမျိုးရေးခွဲခြားတဲ့ ပြဿနာအပြီးမှာတောင် မင်းကို ထိပ်ဆုံး ၅ နေရာထဲမှာ ထည့်ပေးခဲ့တာ မင်း ကံကောင်းလို့ပဲ။ အဲဒီတော့ အဆင့် ၅ နေရာရတာကိုပဲ ကျေးဇူးတင်လိုက်”လို့ တွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ဂျွန် တယ်ရီဟာ ၂၀၁၁ ခုနှစ်တုန်းက ကျူပီအာနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ရီယို ဖာဒီနန်ရဲ့ညီဖြစ်သူ အန်တန် ဖာဒီနန်ကို လူမျိုးရေး ခွဲခြားတဲ့အသုံးအနှုန်း သုံးစွဲခဲ့ကြောင်း တွေ့ရှိခဲ့ရပြီးနောက် အက်ဖ်အေရဲ့ ၄ ပွဲပယ် ပြစ်ဒဏ်အပြင် ဒဏ်ကြေး ပေါင် ၂၂၀၀၀၀ ပါ ဆောင်ခဲ့ရတဖြစ်ပါတယ်။

John Terry hit back rio's claimed

Photo: Daily Mail

အဲဒီအပြင် ဂျွန် တယ်ရီဟာ အန်တန် ဖာဒီနန်ကို လူမျိုးရေးခွဲခြားဆက်ဆံမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာ တရားရုံးမှာ ထင်ထင်ရှားရှား စစ်ဆေးတွေ့ရှိခဲ့ရတာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ဂျွန် တယ်ရီက ဖာဒီနန်ရဲ့ ပြောဆိုမှုအပြီး သိပ်မကြာခင်မှာပဲ မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမား ပြောလိုက်တဲ့ စကားလုံးကိုပဲ နင်းပြီး ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ “ထိခိုက်လွယ်တဲ့ အတ္တကြောင့်ပဲ မင်းကိုယ်မင်း နံပါတ် ၁ နေရာမှာ ထားနေတာလေ။ ငါ့ကို မင်းရဲ့ထိပ်ဆုံး ၅ နေရာထဲမှာ ထည့်ပေးလို့ ကျေးဇူးပဲ”လို့ ဂျွန် တယ်ရီက ပြန်လည်ရေးသားခဲ့ပါတယ်။

Featured Photo: Standard.co.uk