ကမ္ဘာပေါ်က လူကြိုက်အများဆုံး ဂီတအမျိုးအစားကတော့ ပေါ့ပ် ဂီတဖြစ်ပြီး ကမ္ဘာ့ အကောင်းဆုံးလို့ အသိအမှတ်ပြုခံထားရတဲ့ ပေါ့ပ်ဂီတပညာရှင်အများစုဟာလည်း ယူကေက ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ၂၀၂၂ ခုနှစ်အတွင်းက အကျော်ကြားဆုံး ဗြိတိန် ပေါ့ပ်အဆိုတော် ၅ ဦးအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ဘယ်သူတွေ ဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

(၁) Ed Sheeran

 

 

Source : Ed Sheeran

Ed Sheeran ဟာ ကမ္ဘာတစ်ဝှမ်းက နာမည်ကြီး ပေါ့ပ်အဆိုတော်တွေထဲက တစ်ဦးဖြစ်ပါတယ်။ ညို့ယူဆွဲငင်အားကောင်းတဲ့ အသံ ၊ သီချင်းစာသား ၊ ပြောင်မြောက်လှတဲ့ ဂီတဖန်တီးမှုပုံစံတွေကြောင့် ဒီဘက်ခေတ်ရဲ့ လူကြိုက်အများဆုံး ဂီတပညာရှင်တစ်ယောက် အဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ ကိန်းဂဏန်းတွေအရ Ed Sheeran ဟာ အယ်လ်ဘမ်ပေါင်း သန်း ၁၅၀ ကျော် ရောင်းချခဲ့ပြီး ကမ္ဘာ့ရောင်းအားအကောင်းဆုံး ဂီတပညာရှင်တွေထဲက တစ်ဦးဖြစ်ပါတယ်။ ဂရမ်မီဆု ၄ ဆု ၊ Brit Awards ၆ ဆု အပြင် အခြားဂီတဆုပေါင်းများစွာ ရရှိထားပြီး သူ့ရဲ့ Shape of You နဲ့ Castle on the Hill သီချင်းတွေဟာဆိုရင်လည်း UK Singles Chart မှာ နံပါတ် ၁ နဲ့ နံပါတ် ၂ နေရာကို အသီးသီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။ Ed Sheeran ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ Afterglow ၊ Bad Habits နဲ့ The Joker And The Queen သီချင်းတွေဟာလည်း လူကြိုက်များရေပန်းစားနေပြီး ၂၀၂၂ ခုနှစ်ရဲ့ အထင်ရှားဆုံး ဗြိတိန် ပေါ့ပ် အဆိုတော် တစ်ဦးပဲ ဖြစ်ပါတယ်။

(၂)  Harry Styles

Source : Harry Styles

One Direction အဖွဲ့နဲ့ လူသိများခဲ့တဲ့ Harry Styles ဟာဆိုရင် ၂၀၁၇ ခုနှစ်မှာ ပထမဦးဆုံး တစ်ကိုယ်တော် အယ်လ်ဘမ်ထွက်ရှိခဲ့ပြီး ဒီအယ်လ်ဘမ်ဟာ UK နဲ့ US charts နှစ်ခုစလုံးမှာ နံပါတ် ၁ နေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး သူရဲ့ အယ်လ်ဘမ်ဟာ သီချင်း ဝေဖန်သူတွေနဲ့ ပရိသတ်တွေရဲ့ ချီးကျူးမှုများစွာကို ရရှိခဲ့ပြီး အဲဒီနှစ်ရဲ့ လူကြိုက်အများဆုံး အယ်လ်ဘမ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ၂ နှစ်ကျော်အကြာမှာထွက်ခဲ့တဲ့ Harry Styles ရဲ့ ဒုတိယမြောက် အယ်လ်ဘမ် Fine Line ဟာလည်း Billboard 200 မှာ နံပါတ်တစ်နေရာရရှိခဲ့ပြီး Rolling Stone ရဲ့ ထာဝရ အကောင်းဆုံး အယ်လ်ဘမ် ၅၀၀ စာရင်းမှာ ထည့်သွင်းဖော်ပြခြင်း ခံခဲ့ရပါတယ်။ သူဟာ စွယ်စုံရအနုပညာရှင်လို့ ပြောရမှာဖြစ်ပြီး ဒါရိုက်တာ Christopher Nolan ရဲ့ Dunkirk ရုပ်ရှင်မှာလည်း ပွဲဦးထွက်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ Grammy Award ၊ Brit Award နဲ့ American Music Award တွေများစွာရရှိထားပြီး ဒီနေ့ခေတ်ရဲ့ အထူးချွန်ဆုံး လူငယ် ဂီတပညာရှင် တစ်ဦးဖြစ်ပါတယ်။

(၃) Dua Lipa

Source : Dua Lipa

ပေါ့ပ် ဂီတကို ချစ်မြတ်နိုးသူတိုင်း Dua Lipa ရဲ့ သီချင်းတွေကို ကြိုက်နှစ်သက်ကြတယ်ဆိုတာတော့ ငြင်းလို့မရနိုင်ပါဘူး။ ဗြိတိန် ပေါ့ပ် အဆိုတော် တစ်ဦးဖြစ်တဲ့ သူမဟာ Be the One ၊ IDGAF လို သီချင်းများစွာနဲ့အတူ ကမ္ဘာအနှံ့အောင်မြင်မှုများစွာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ Grammy Award ၃ ဆုရှင် Dua Lipa ဟာဆိုရင် လက်ရှိမှာ တစ်ကိုယ်တော် စတူဒီယို တေးအယ်လ်ဘမ် ၂ ချပ်ထွက်ရှိထားပြီး ပရိသတ်တွေကြား အရမ်းကိုဟော့ဖြစ်တဲ့ Single သီချင်းများစွာကိုလည်း ဖန်တီးသီဆို ထားပါတယ်။ Dua ဟာ ၂၀၁၈ ခုနှစ်က ယူကေရဲ့ အမျိုးသမီးအဆိုတော်တွေထဲမှာ ပရိသတ် နားထောင်မှုအများဆုံး တစ်ကိုယ်တော် တေးသံရှင်တစ်ဦး ဖြစ်လာခဲ့ပြီး US မှာလည်း ၂၀၂၂ ခုနှစ်အတွင်းက အအောင်မြင်ဆုံးအမျိုးသမီး အဆိုတော်တစ်ဦးအဖြစ် သတ်မှတ်ဖော်ပြခြင်း ခံထားရပါတယ်။

(၄) Sam Smith

Source : Sam Smith

အင်္ဂလန်ရဲ့ အထူးချွန်ဆုံး ဂီတပညာရှင်တွေထဲက တစ်ဦးကတော့ Sam Smith ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ထွက်ခဲ့တဲ့ Disclosure ရဲ့ Latch သီချင်းမှာ ပါဝင်သီဆိုခဲ့ပြီးနောက် ဂီတလမ်းကြောင်းပေါ်မှာ တစ်စထက်တစ်စ နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။ Naughty Boy ရဲ့ La La La သီချင်းမှာလည်း Ft. အနေနဲ့ ပါဝင်သီဆိုခဲ့ပြီး ဒီသီချင်းဟာ UK Singles Chart မှာ နံပါတ် ၁ နေရာကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ In the Lonely Hour လို့အမည်ပေးထားတဲ့ ပထမဦးဆုံး စတူဒီယို အယ်လ်ဘမ်ထွက်ရှိခဲ့ပြီး ၂၀၁၅ မှာထွက်ခဲ့တဲ့ Stay With Me သီချင်းဟာလည်း UK နဲ့ US Billboard Hot 100 နှစ်ခုစလုံးမှာ နံပါတ် ၁ နေရာနဲ့ နံပါတ် ၂ နေရာကို ရရှိခဲ့တဲ့ Sam ရဲ့ ပထမဆုံးသီချင်း တစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။ Grammy Awards ၄ ဆု ၊ Spectre ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်တေး အတွက် Academy Award ဆုတွေအပြင် လက်ရှိမှာ အောင်မြင်တဲ့ တစ်ကိုယ်တော် အယ်ဘ်ဘမ် ၃ ချပ်နဲ့ တစ်ကိုယ်တော် Single သီချင်းများစွာကို ဖန်တီးသီဆိုထားတဲ့ ၂၀၂၂ ခုနှစ်ရဲ့ အကောင်းဆုံး အမျိုးသားပေါ့ပ် အဆိုတော် တစ်ဦး ဖြစ်ပါတယ်။

(၅) Rita Ora

Source : Sigala

Rita Ora ကတော့ ထူးခြားတဲ့ ဗြိတိန် ပေါ့ပ် အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ ၂၀၁၁ – ၂၀၁၂ ခုနှစ်ဝန်းကျင်မှာ သူမရဲ့ တစ်ကိုယ်တော် သီချင်း Hot Right Now နဲ့ ပွဲဦးထွက် စတူဒီယို အယ်လ်ဘမ် Ora ကိုထုတ်ဝေခဲ့ပြီး ပရိသတ်တွေရဲ့ ထင်မှတ်မထားတဲ့ အားပေးမှုများစွာကို ရရှိခဲ့သူ ဖြစ်ပါတယ်။ DJ Fresh နဲ့ ပူးပေါင်းဖန်တီးထားတဲ့ Hot Right Now သီချင်းဟာဆိုရင် UK Singles Chart မှာ နံပါတ် ၁ နေရာကို ရရှိခဲ့ပြီး သူမရဲ့ အယ်လ်ဘမ်ဟာလည်း အောင်မြင်မှု များစွာရရှိခဲ့ပါတယ်။ Coldplay ၊ Usher တို့လို နာမည်ကြီး ဂီတပညာရှင်များစွာနဲ့လည်း ဂီတ ဖန်တီးမှုတွေ လုပ်ဆောင်ခဲ့ပြီး အမေရိကန်ရက်ပ်ပါ Iggy Azalea နဲ့ သီဆိုထားတဲ့ Black Widow သီချင်းဟာလည်း Billboard Hot 100 ရဲ့ ထိပ်ဆုံး ၁၀ ပုဒ် စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ Rita ရဲ့ ဒုတိယမြောက် အယ်လ်ဘမ် Phoenix ထွက်ရှိခဲ့ပြီး အောင်မြင်တဲ့ သီချင်းများစွာနဲ့အတူ ဒီနှစ်အတွင်းက လူကြိုက်အများဆုံး ဗြိတိန် ပေါ့ပ် အဆိုတော် တစ်ဦးဖြစ်ပါတယ်။

နောက်ထပ် ၂၀၂၂ ခုနှစ်ထဲက ရေပန်းအစားဆုံး ‌ဗြိတိန် ပေါ့ပ် အဆိုတော် တွေထဲမှာတော့ Zayn ၊ Rag’n’Bone Man ၊ James Arthur ၊ Calvin Harris နဲ့ Lewis Capaldi တို့လည်း ပါဝင်ပါတယ်။

Featured Photo : Popnable