OnePlus ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လက စတင်ပြီး စမတ်နာရီ လောကထဲ ဝင်ရောက်ခဲ့တာ ဖြစ်ပြီး ဈေးသက်သာတဲ့ OnePlus ရဲ့အမှတ်တံဆိပ်ခွဲတစ်ခုဖြစ်တဲ့ Nord ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ကြီးမားတောက်ပတဲ့ မျက်နှာပြင် ၊ Sports Tracking လို့ခေါ်တဲ့ အားကစားဆိုင်ရာ လုပ်ဆောင်ချက်တွေနဲ့ ရက်ပေါင်း ၃၀ ဘက်ထရီ သက်တမ်း အသုံးပြုနိုင်မယ့် OnePlus Nord Watch စမတ်နာရီအသစ်ကို ထပ်မံ မိတ်ဆက်လိုက်ပါတယ်။

Photo : Informative Manmeet

OnePlus Nord Watch စမတ်နာရီမှာ 368×448 Pixels နဲ့ 60Hz Refresh Rate ထောက်ပံ့ပေးထားတဲ့ ၁.၇၈ လက်မ AMOLED Screen တပ်ဆင်ပေးထားပါတယ်။ Nord Watch စမတ်နာရီမှာ ကိုယ်ပိုင် GPS မပါဝင်တာကြောင့် Bluetooth 5.2 မှတဆင့် စမတ်ဖုန်းကနေ တည်နေ ရာကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

OnePlus ဟာ Nord Watch စမတ်နာရီကို Unisex ဝတ်ဆင်နိုင်တဲ့ နာရီတစ်လုံးအဖြစ် ဖန်တီးခဲ့တာ ဖြစ်ပြီး အမျိုးသမီးတွေရဲ့ လစဉ်ဓမ္မတာစက်ဝန်းကို ခြေရာခံနိုင်မယ့် လုပ်ဆောက်ချက်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် နှလုံးခုန်နှုန်းကို တိုင်းတာနိုင်မယ့် Heart Rate Sensor ၊ အောက်ဆီဂျင်တိုင်းတာနိုင်မယ့် SpO2 Monitor နဲ့ အိပ်စက်ခြင်းကို ခြေရာခံနိုင်မယ့် Features တွေကိုလည်း ထောက်ပံ့ပေးထားပါတယ်။

Photo : Hellas Posts English

Nord Watch စမတ်နာရီမှာ Accelerometer ထည့်သွင်းပေးထားတာကြောင့် လေ့ကျင့်ခန်းလုပ်ဆောင်မှုတွေကို အလိုအလျောက်သိရှိနိုင်ပြီး လေ့ကျင့်ခန်း အမျိုးအစားပေါင်း ၁၀၅ ခုကိုလည်း ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ IP68 အဆင့် သတ်မှတ်ချက်ရှိတဲ့အတွက် ဖုန်နဲ့ ရေစိုဒဏ်တွေမှလည်း အပြည့်အဝကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

နာရီရဲ့ကိုယ်ထည်ကိုတော့ ဇင့်အလွိုင်းနဲ့ ပလပ်စတစ် အသုံးပြုထားပြီး ဆီလီကွန်လက်ပတ်ကြိုး တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီကိုတော့ 230 mAh အသုံးပြုထားပြီး Low-Power Mode နဲ့ အသုံးပြုမယ်ဆိုပါက တစ်ကြိမ်အားသွင်းထားရုံနဲ့ ရက်ပေါင်း ၃၀ (၁လ) ကြာ အသုံးပြုနိုင်မှာ ဖြစ်ကာ ပုံမှန်အတိုင်း အသုံးပြုမယ်ဆိုရင်တော့ ၁၀ ရက် အထိ ဘက်ထရီ အသုံးခံမယ်လို့ OnePlus က ပြောထားပါတယ်။

Photo : GSMArena.com

OnePlus Nord Watch စမတ်နာရီ ကို Midnight Black အရောင် ၁ မျိုးတည်းနဲ့သာ ထုတ်လုပ်ထားပြီး မိတ်ဆက်စျေးနှုန်း ရူပီး ၄,၉၉၉ (ဒေါ်လာ ၆၀ / မြန်မာငွေ ၁ သိန်း ၃ သောင်းဝန်းကျင်) နဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ပုံမှန်စျေးနှုန်းကတော့ ရူပီး ၆,၉၉၉ ( ၈၅ ဒေါ်လာ / မြန်မာငွေ ၁ သိန်း ၈ သောင်းဝန်းကျင်) ခန့်ရှိပြီး အရောင်အသစ် အနေနဲ့ Deep Blue ဗားရှင်း ထွက်လာဖို့ ရှိပေမယ့် ရက်စွဲအတိအကျကိုတော့ ဖော်ပြထားခြင်းမရှိသေးဘူးပဲ ဖြစ်ပါတယ်။

Featured Photo : Android Authority