ရုပ်ရှင်အမျိုးအစားတွေ အများကြီး ရှိတဲ့အထဲမှာ ပစ်ခတ်တိုက်ခိုက်တဲ့ ဖိုက်တင်ခန်းတွေနဲ့ ကြမ်းကြမ်းတမ်းတမ်း ဘဏ်ဓားပြတိုက်တဲ့ အက်ရှင်ဇာတ်ကားတွေ ကြိုက်တဲ့သူတွေက သပ်သပ်ကို ရှိပါတယ်။ ဘဏ်ဖောက်တဲ့ ကားတော်တော်များများမှာ ဘဏ်ဓားပြတွေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ၊ စုံထောက်နဲ့ FBI တွေထက် ခြေတစ်လှမ်းသာတဲ့ ကြိုတင်စီစဉ်အကွက်ချမှုတွေ ၊ အကြမ်းစား တိုက်ခိုက်စွမ်းရည်တွေက ကြည့်ရှုသူတွေဖို့ ရင်တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားမှု အပြည့်အဝပေးစွမ်းတယ်ဆိုတာ ငြင်းလို့ မရနိုင်ပါဘူး။ ဒီတစ်ခေါက်တော့ ရုပ်ရှင်ချစ်သူ ကွီးပရိသတ်တွေအကြိုက် အကြမ်းစား အလန်းစား ဇာတ်ဝင်ခန်းတွေနဲ့ ဘဏ်ဖောက် တဲ့ ရုပ်ရှင်ဇာတ်ကားတွေ သီးသန့် ရွေးချယ်တင်ဆက် ပေးချင်ပါတယ်။

(၁) The Bank Job

Source : Rotten Tomatoes Classic Trailers

၂၀၀၈ ခုနှစ်က ထွက်ရှိတဲ့ The Bank Job ကတော့ ကွီးတို့ရဲ့ အိုင်ဒေါကြီး Jason Statham အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Crime / Thriller ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားပါ။ ဒီဇာတ်ကားက အခြား ဘဏ်ဖောက် တဲ့ ရုပ်ရှင်တွေနဲ့မတူပဲ ၁၉၇၁ ခုနှစ်တုန်းက လန်ဒန်မှာရှိတဲ့ဘဏ်တစ်ခုကနေ ဖြစ်ရပ်မှန် ဖောက်ထွင်းမှုကို အခြေခံပြီး ရုပ်ရှင်ပြန်လည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန် ဖြစ်တာတစ်ကြောင်း ၊ Jason Statham နဲ့အတူ နာမည်ကြီး ဒိတ်ဒိတ်ကြဲ သရုပ်ဆောင်တွေ ပါဝင်ထားတာက တစ်ကြောင်းဆိုတော့ တော်တော်လေး ကြည့်ရတန်ပြီး IMDb RATING 7.2/10 အထိ ရရှိ ထားပါတယ်။

(၂) Fast Five

Source : Universal Pictures

Fast & Furious ဖန်တွေကတော့ ဒီဇာတ်ကားလေးကို ကောင်းကောင်း သိကြပါလိမ့်မယ်။ Fast Five ဇာတ်ကားက ၂၀၁၁ ခုနှစ်ကထွက်ရှိခဲ့တာ ဖြစ်ပြီး Vin Diesel ၊ Paul Walker နဲ့ Dwayne Johnson တို့လို Fast & Furious သရုပ်ဆောင်တွေ အားလုံးနီးပါး အဓိက ပါဝင်သရုပ်ဆောင် ထားကြပါတယ်။ ဒီဇာတ်ကားက ဘဏ်ဖောက်တဲ့ရုပ်ရှင် မဟုတ်ပေမယ့် ဓားပြတိုက်တဲ့ ဇာတ်လမ်းအမျိုးအစားတော့ ဖြစ်ပြီး မူးယစ်ရာဇာဂိုဏ်းတွေ ၊ အမိုက်စား ပြိုင်ကားတွေနဲ့ အက်ရှင်ခန်းတွေ ပါဝင်ပါတယ်။ Fast Five ဇာတ်ကားကလည်း IMDb RATING 7.3/10 ရရှိ ထားပါတယ်။

(၃) The Town

Source : Movieclips

ခပ်ကြမ်းကြမ်း ၊ ခပ်လန်းလန်း ဘဏ်ဖောက် တဲ့ ကားတွေမှ ကြည့်ချင်တဲ့ ကွီးတို့အတွက် ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Town ဇာတ်ကားလေးကတော့ လက်မလွှတ်တမ်း ကြည့်ရမယ့် List ထဲမှာ ပါပါတယ်။ ဒီဇာတ်ကားဟာ မင်းသားကြီး Ben Affleck ရဲ့ ဒါရိုက်တာ အဖြစ်နဲ့ရော အဓိက သရုပ်ဆောင်အနေနဲ့ပါ အနုပညာစွမ်းရည် ပြသထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ Ben Affleck ဦးဆောင်တဲ့ ဓားပြအဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ၊ အမိုက်စား အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့ ဘဏ်ဓားပြတိုက်စဉ်အတွင်းမှာ ကြုံတွေ့ရတဲ့ အချစ်ဇာတ်လမ်းလေးတွေကို ရသစုံ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ The Town ဇာတ်ကားက IMDb RATING 7.5/10 အထိ ရရှိ ထားပါတယ်။

(၄) Baby Driver

Source : Sony Pictures Entertainment

၂၀၁၇ ခုနှစ်ကထွက်ခဲ့တဲ့ Baby Driver ဇာတ်ကားကတော့ Heist ရုပ်ရှင်တွေထဲမှာ နာမည်တော်တော်ကြီးတဲ့ ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်ကားထဲမှာ မင်းသားချော Ansel Elgort ရဲ့ ဆယ်ကျော်သက် လူငယ်လေး Baby အဖြစ်နဲ့ အမိုက်စား ကားမောင်းစွမ်းရည်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ တကယ်လည်း ဒီဇာတ်ကား ရိုက်ကူးခဲ့စဉ်က Ansel Elgort ရဲ့အသက် ၂၀ ကျော်ဝန်းသာ ရှိပါသေးတယ်။ ဇာတ်ကောင်အရ Ansel Elgort ဟာ ငယ်ငယ်ကမတော်တဆမှုဖြစ်ခဲ့ပြီး အကြားအာရုံရောဂါပြဿနာ ရှိနေတာကြောင့် သီချင်းတွေ အမြဲနားထောင်နေရပြီး ပရိသတ်တွေရဲ့ Ansel Elgort နားထောင်တဲ့ အမိုက်စား သီချင်းတွေကို ပရိသတ်တွေ လိုက်ပါစီးမြော နားဆင်ခံစားနိုင်မှာ ဖြစ်ပါတယ်။ Baby Driver ဇာတ်ကားကလည်း IMDb RATING 7.5/10 ရရှိ ထားပါတယ်။

အခုပြောပြပေးခဲ့တာကတော့ အက်ရှင်ခန်း ကြမ်းကြမ်းတွေနဲ့ ဘဏ်ဖောက်/ဓားပြတိုက်တဲ့ Heist / Bank Robbery ဇာတ်ကားကောင်းတွေပါ။ ကွီးတို့ အကြိုက်ဆုံး ဘဏ်ဖောက် ၊ ဓားပြတိုက် ခိုးဆိုးလုနှိုက် Heist / Bank Robbery ဇာတ်ကားတွေရှိရင်လည်း ကွန်းမန့်မှာ ရေးသွားပေးခဲ့ပါဦး။

Source : IMDb

Featured Photo : Collider