ခေတ်ရေစီးကြောင်းဟာ အချိန်နဲ့အမျှ စီးဆင်းပြောင်းလဲနေတာပါ။ ဒီဘက်ခေတ် လူငယ်တွေရဲ့ ဖက်ရှင်နဲ့ Hairstyles တွေ အဆင့်ဆင့်ပြောင်းလဲနေတာကို သိထားမိကြမယ်ထင်ပါတယ်။ ဒါပေမယ့် ခေတ်တွေဘယ်လောက်ပြောင်းပြောင်း ၊ Trends တွေဘယ်လောက်ချိန်းချိန်း ယောကျာ်းလေးတွေအတွက် ဘယ်တော့မှ မရိုးနိုင်တဲ့ Timeless Hairstyles တွေ ရှိနေပါတယ်။ သပ်သပ်ရပ်ရပ်နဲ့ အချိန်တိုင်း စတိုင်ကျနေချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် ယောကျာ်းလေးတွေအတွက် ဘယ်တော့မှ မရိုးနိုင်တဲ့ ဆံပင်စတိုင် အချို့ကို ရွေးချယ်ညှပ်နိုင်ပါတယ်။

(၁) Buzz Cut ဆံပင်စတိုင်

Buzz Cut

Photo : The Trend Spotter

ယောကျာ်းလေးတွေအတွက် ဘယ်တော့မှ မရိုးသွားမယ့် Hairstyles တွေအကြောင်း ပြောတဲ့အခါ Buzz Cut ကေကိုတော့ မပါမဖြစ်ထည့် ပြောရမှာပါ။ Buzz Cut ကေက ယောကျာ်းလေးတွေကြားမှာ ခေတ်အဆက်ဆက် ရေပန်းစား အညှပ်များတဲ့ ဆံပင်စတိုင်တစ်ခုဆိုလည်း မမှားပါဘူး။ ဆံပင်ထိန်းသိမ်းမှုရယ်လို့ ထွေထွေထူးထူး လုပ်စရာမလိုပဲ အချိန်တိုင်းနီးပါး ပေါ့ပါးလွပ်လပ်ပြီး ယောကျာ်းဆန်ဆန် စတိုင်ကျနေစေပါတယ်။ Buzz Cut ဆံပင်စတိုင်က ပုံမှန်အားဖြင့် မေးရိုးကားကား စတုရန်းပုံ မျက်နှာကျရှိသူတွေ ဒါမှမဟုတ် ဘဲဥပုံ မျက်နှာကျရှိသူတွေနဲ့ ပိုပြီးလိုက်ဖက်မှု ရှိပါတယ်။

(၃) French Crop ဆံပင်စတိုင်

French Crop

Photo : The Trend Spotter

ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှုရှိတဲ့ ယောကျာ်းလေး Hairstyles တွေထဲမှာ French Crop က တစ်ခုအပါအဝင်ပါပဲ။ ဘေးနှစ်ဖက်နဲ့ အပေါ်ဆံပင်ကို အတိုအရှည် ညီညီညာညာ ညှပ်ထားတဲ့ ပုံစံပါ။ လက်ရှိ အမျိုးသား တော်တော်များများ ညှပ်နေကျတဲ့ ဘေးပြောင်အပေါ်ရှည် ဆံပင်ပုံစံနဲ့ ကွဲထွက်ပြီး အပေါ်ဆံပင်နဲ့ ဘေးနှစ်ဖက်ကို အရမ်းကြီး မခြားနားစေဘဲ ဟန်ချက်ညီတဲ့အသွင်အပြင်ကို ထိန်းသိမ်းထားတဲ့အတွက် ယောကျာ်းလေးတိုင်းနဲ့လိုက်ဖက်တဲ့ စွယ်စုံရဆံပင်စတိုင်တစ်ခု ဖြစ်ပါတယ်။ French Crop ဆံပင်စတိုင်ဟာ ထောင့်မှန်စတုဂံပုံ မျက်နှာကျရှိသူတွေ ညှပ်သင့်ပြီး မျက်နှာရဲ့အရှည်ကို ထိန်းသွားစေမှာ ဖြစ်ပါတယ်။ ဘဲဥပုံနဲ့ စိန်တုံးပုံ မျက်နှာကျရှိသူတွေကတော့ French Crop ဆံပင်စတိုင်ကိုမှ ခပ်တိုတိုအနေအထား ညှပ်တာပိုပြီး လိုက်ဖက်မှု ရှိစေပါတယ်။

(၃) Quiff ဆံပင်စတိုင်

Quiff

Photo : The Trend Spotter

Quiff ဆံပင်စတိုင်ကို အပေါ်လှန်ဖြီးထားတဲ့ပုံစံလို့ အလွယ်မှတ်လို့ ရပါတယ်။ ဒီ ဆံပင်ကေဟာ အားကစားလောက ၊ နိုင်ငံရေးလောက အပါအဝင် ပေါ့ပ်ယဉ်ကျေးမှုတို့လို နယ်ပယ်အသီးသီးက နာမည်ကျော်ကြား သြဇာလွှမ်းမိုးမှုများတဲ့ အမျိုးသားတော်တော်များများ ညှပ်လေ့ရှိတဲ့ Classic Hairstyle တစ်ခုလို့ လူသိများပါတယ်။ Mad Men ရုပ်ရှင်ထဲက Don Draper ဇာတ်ကောင် ၊ ထိပ်တန်းပေါ့ပ်အဆိုတော် Bruno Mars နဲ့ အမေရိကန် ခေတ်ဟောင်းမင်းသားကြီး James Dean တို့ကို ဆိုရင် Quiff ဆံပင်စတိုင်နဲ့တွဲပြီး မှတ်မိကြတဲ့ ပုဂ္ဂိုလ်တွေပါပဲ။ Quiff ဆံပင်စတိုင်ဟာ ပုံမှန်အားဖြင့် ဘေးနှစ်ဖက်ခပ်ပါးပါးနဲ့ အပေါ်ဘက်ဆံပင်ကို ခပ်ဝဲဝဲ ၊ ခပ်ထောင်ထောင် အနေအထား သေချာပုံသွင်းပြီး ဖြီးလိမ်းထားရပါတယ်။ သပ်ရပ်ခန့်ညားပြီး ဆွဲဆောင်မှုရှိစေတဲ့အပြင် ဘဲဥပုံ ၊ စတုရန်းပုံ ၊ အသဲပုံနဲ့ တြိဂံပုံ မျက်နှာကျရှိသူအားလုံးနဲ့ လိုက်ဖက်မှုရှိပါတယ်။ ကိုယ့်ရဲ့ မျက်နှာအသွင်အပြင်အပေါ် မူတည်ပြီးလည်း လိုသလိုချိန်ဆညှပ်လို့ရတဲ့ ဘယ်တော့မှ မရိုးသွားမယ့် Hairstyles တွေထဲကတစ်ခု ဖြစ်ပါတယ်။

(၄) Slick Back ဆံပင်စတိုင်

Slick Back

Photo : The Trend Spotter

ရှင်းသန့်ပြီးခန့်ချင်တဲ့ ဆော်ကြည်ဘဲတွေ ရွေးချယ်သင့်တဲ့ ဆံပင်စတိုင်ကတော့ Slick Back ပါ။ မြင်သာအောင်ပြောရရင် ၁၉၉၀ ခုနှစ်ထွက် Cry Baby ရုပ်ရှင်ဇာတ်ကားထဲက Johnny Depp ထားတဲ့ သပ်ရပ်စတိုင်ကျတဲ့ ဆံပင်စတိုင် ဖြစ်ပါတယ်။ ဆံပင်အနေအထားကတော့ မဆိုသလောက်လေး အရှည်ထားဖို့လိုပြီး စတိုင်ကျကျ နောက်ကိုလှန်ဖြီး ပုံသွင်းထားတဲ့ ပုံစံပါ။ ဆံပင်အုံထူသူတွေ ၊ ဆံသားထူထူထည်ထည် ရှိသူတွေအနေနဲ့ ဆံပင်ကို ပိုပြီးလိုသလို ပုံသွင်းလို့ကောင်းပါတယ်။ Slick Back ဆံပင်စတိုင်ဟာ ထောင့်မှန်စတုဂံပုံ မျက်နှာကျနဲ့ ဘဲဥပုံမျက်နှာကျ ပိုင်ရှင်တွေ ထားလို့သင့်တော်ပြီး မျက်နှာခပ်ဝိုင်းဝိုင်း ရှိသူတွေကိုလည်း မျက်နှာသေးသွယ်ပြီး ထောင်ထောင်မောင်းမောင်းနဲ့ ယောကျာ်းပီသတဲ့ အသွင်အပြင်မျိုး ပေါက်စေမှာ ဖြစ်ပါတယ်။

(၅) Side Part ဆံပင်စတိုင်

Side Part

Photo : The Trend Spotter

အမျိုးသားတွေအတွက် အသက်အရွယ်မရွေးထားလို့ အဆင်ပြေတဲ့ ဘယ်တော့မှ မရိုးသွားမယ့် Hairstyles တွေထဲက တစ်ခုကတော့ Side Part ဖြစ်ပါတယ်။ ၈၀ ခုနှစ်တွေမှာ ရေပန်းစားခဲ့တဲ့ ဆံပင်စတိုင် တစ်ခုဖြစ်ပြီး ဒီနေ့ခေတ်အထိ အညှပ်များနေဆဲ မရိုးနိုင်တဲ့ Classic Haircut ပုံစံတစ်ခုပါ။ အလွယ်ပြောရရင် ဘေးခွဲပုံစံလို့ ပြောရမှာဖြစ်ပြီး သပ်သပ်ရပ်ရပ်နဲ့ ရှင်းသန့်တဲ့ စတိုင်ကို ပေးစွမ်းသလို ငယ်ရွယ်နုပျိုပုံလည်း ပေါက်စေပါတယ်။ ဒီဘက်ခေတ်နဲ့ လိုက်ရောညီထွေဖြစ်တဲ့ ခေတ်မှီတဲ့ အသွင်အပြင်မျိုးရ‌ဖို့ဆို အပေါ်ဆံပင်ကို အနည်းငယ်အရှည်ထားပြီး ဘေးနှစ်ဖက်ကို ခပ်တိုတိုညှပ်လို့ ရပါတယ်။ ဘယ်လို မျက်နှာကျပုံစံမျိုးနဲ့မဆို လိုက်ဖက်တဲ့အတွက်ကြောင့် အမျိုးသားတွေ ရွေးချယ်ညှပ်သင့်တဲ့ ဆံပင်စတိုင်တစ်ခုပဲ ဖြစ်ပါတယ်။

Featured Photo : The Trend Spotter