ကျွန်တော်တို့ဟာ အပြိုင်အဆိုင်များတဲ့ လူ့အဖွဲ့အစည်းမှာ ရှင်သန်နေထိုင်ကြတာပါ။ လူတိုင်းက ရှေ့ကို ပြေးနေကြတဲ့ အချိန်မှာ ကိုယ်တစ်ယောက်တည်း နောက်မှာ ကျန်ခဲ့လို့တော့ မဖြစ်ပါဘူး။ လူတိုင်းရဲ့ ရှေ့ကိုရောက်ဖို့ မဟုတ်ရင်တောင် ကိုယ့်ဘဝအတွက်တော့ ကိုယ်တိုင် ရှေ့ကို ရောက်နေသင့်ပါတယ်။ ကိုယ်ဟာ သူများနောက်မှာ ကျန်ခဲ့တယ်ဆိုတာ ကိုယ့်မှာလုံလောက်တဲ့ ကြိုးစားအားထုတ်မှုနဲ့ ကျင့်သုံးလိုက်နာရမဲ့ အချက်တွေ လစ်ဟင်းနေလို့ပါပဲ။ ထို အချက်တွေကို ဒီဆောင်းပါးလေးမှာ ဝေမျှသွားမှာ ဖြစ်ပါတယ်။ မိတ်ဆွေတို့ အနေနဲ့ အောက်ပါအချက်တွေ လစ်ဟင်းနေရင် ဘယ်တော့မှ ရှေ့ကို ရောက်နိုင်မှာ မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု

ဘယ်တော့မှ ရှေ့ကို

Photo : Jooinn

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့ သူတွေက ဘယ်တော့မှ သူများ ရှေ့ကို မရောက်နိုင်ဘူးလို့ဆိုရင် မှားမယ်မထင်ပါဘူး။ အောင်မြင်ချင်သူတိုင်းအတွက် အဓိက တည်ဆောက်သင့်တဲ့ အရေးအကြီးဆုံးတစ်ချက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အခါ အခက်အခဲတွေကို‌ ကျော်လွှားနိုင်ပြီး ရည်မှန်းချက်ပန်းတိုင်တွေဆီ အရောက်လှမ်းနိုင်ပါလိမ့်မယ်။ မ‌ရောရာမှုတွေ၊ ကြောက်စိတ်တွေ၊ ကိုယ့်ကိုယ်ကိုယ် သံသယစိတ်တွေကို ဖျောက်ပြီး ယုံကြည်မှုကို တည်‌ဆောက်ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဆိုတာ ရှေ့ကိုရောက်နေသူတိုင်းမှာ တွေ့ရလေ့ရှိတဲ့ အရေးအပါဆုံး အချက်တစ်ခုပါ။

အချိန်ကိုလေးစားပါ

ဘယ်တော့မှ ရှေ့ကို

Photo : Vista Create

ဒီကမ္ဘာပေါ်မှာ လူတိုင်းလူတိုင်း တစ်နေ့ကို ၂၄ နာရီ၊ ၁,၄၄၀ မိနစ်၊ ၈၆,၄၀၀ စက္ကန့် စီပဲ ညီတူညီမျှ ရကြတာပါ။ သို့သော်လည်း အချိန်ကို အသုံးချမှုပေါ်မူတည်ပြီး လူတွေရဲ့ ဘဝနဲ့ အခြေအနေတွေ ကွဲပြားသွားနိုင်ပါတယ်။ အချိန်က အမှန်တစ်ကယ်ကို အဖိုးတန်ပြီး ဘဝကို အဆုံးအဖြတ်‌ပေးနိုင်တဲ့ ကုန်ပစ္စည်းတစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ ဒါ့ကြောင့် အချိန်ကို အကျိုးရှိရှိအသုံးချပါ။ အောင်မြင်နေတဲ့သူတွေ၊ ထိပ်ဆုံးကိုရောက်နေတဲ့ သူတွေတိုင်းက အချိန်နဲ့ပတ်သတ်ပြီး တိကျစွာ လိုက်နာကျင့်သုံးကြပါတယ်။ ဒါ့ကြောင့် မိတ်ဆွေတို့လည်း အလုပ်တစ်ခုကို လုပ်ဆောင်စရာရှိလျှင် အချိန်ဆွဲနေတာမျိုး မလုပ်ပါနဲ့။ မည်သည့်နယ်ပယ်မှာမဆို အချိန်ကို မလေးစားတတ်တဲ့ သူများ၊ အချိန်ဆွဲတတ်သူများကို သဘောကျလေ့မရှိပါဘူး။

စိတ်အားထက်သန်မှု ရှိပါ

ဘယ်တော့မှ ရှေ့ကို

Photo : Ladders

ကိုယ့်ဘဝမှာ အောင်မြင်တိုးတက်မှုများနဲ့ သူများရှေ့ကို ရောက်ချင်ရင် စိတ်အားထက်သန်မှု ရှိရပါမယ်။ စိတ်အားထက်သန်မှုက အိပ်မက်များကို လက်တွေ့ဖြစ်လာစေရန် ပံ့ပိုးပေးနိုင်တဲ့ အထောက်အပံ့တစ်ခု ဆိုလည်း မမှားပါဘူး။ ကိုယ့်အတွက် ဘယ်အရာကို စိတ်အားထက်သန်မှုကို ပေးစွမ်းနိုင်သလဲဆိုတာ ရှာဖွေပါ။ ကိုယ်လိုချင်တဲ့ ပန်းတိုင်တွေဆီရောက်ဖို့ ပြင်းပြတဲ့ စိတ်ဓာတ်နဲ့ စိတ်အားထက်သန်မှု ရှိပါစေ။

ဘယ်အရာကိုမဆို အကောင်းဆုံး လုပ်ပါ

Photo : Lost at Say

မိတ်ဆွေတို့ တာဝန်ယူထားတဲ့အလုပ် (သို့) ကိုယ်လုပ်နေရတဲ့ အလုပ်က ဘယ်လောက်ပဲ သေးငယ်နေပါစေ၊ အကောင်းဆုံး ဖြစ်အောင်လုပ်ပါ။ သူများရဲ့ ရှေ့ကို ရောက်နေဖို့ဆိုရင် ထိုက်သင့်တဲ့ ကြိုးစားအားထုတ်မှု၊ ဇွဲ၊ လုံ့လဝိရိယတို့ ဖြင့် အကောင်းဆုံး လုပ်ဆောင်ရန် လိုအပ်ပါတယ်။ အရာရာကို ကြိုးစားပြီး အကောင်းဆုံး လုပ်ဆောင်သူတိုင်းအတွက် အမြဲတမ်း နေရာတစ်ခု ရှိပါတယ်။

အမြဲသင်ယူလိုစိတ် ပြင်းပြနေပါစေ

Photo : Vista Create

အောင်မြင်ပြီးတဲ့ လူတိုင်း (သို့) သူများရှေ့မှာ ပြေးနေသူတိုင်းကို ကြည့်လိုက်ရင် အမြဲသင်ယူလေ့လာလိုစိတ်တွေနဲ့ ပြည့်နေတာကို တွေ့ရပါလိမ့်မယ်။ ၎င်းတို့ဟာ မအောင်မြင်ခင်အချိန်ကတည်းက သိလိုတဲ့အရာတစ်ခုအတွက် မေးခွန်းများစွာ မေးတတ်ကြပါတယ်လို့ ဆိုပါတယ်။ မိတ်ဆွေတို့အနေနဲ့လည်း လုပ်နေတဲ့ အလုပ်တစ်ခုဖြစ်စေ၊ ကြီးကြီးမားမား အောင်မြင်ဖို့ဆိုရင် အမြဲသင်ယူလေ့လာလိုစိတ် ပြင်းထန်နေဖို့လိုပါတယ်။ သိလိုသမျှကို အတွေ့အကြုံရှိပြီးသား လူတွေထံ မေးမြန်းပါ။ ဘယ်တော့မှ သင်ယူလေ့လာလိုစိတ်၊ သိချင်စိတ်ကို မရပ်တန့်လိုက်ပါနဲ့။

မိတ်ဆွေတို့ရေ အခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေကို လိုက်နာခြင်းအားဖြင့် ကိုယ့်ဘဝရဲ့ တိုးတက်မှုကို ဖော်ဆောင်ရာ ရောက်သလို ရှေ့ကို ရောက်နေစေဖို့ အထောက်အပံ့ကောင်းတွေလည်း ဖြစ်ပါတယ်။

Source : The Muse

Featured Photo : BBN Times