ညီအစ်ကိုတို့ရေ ဘယ်နေရာပဲရောက်ရောက် ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် အမြဲကြံဆောင်နေသင့်ပါတယ်။ ယနေ့ခေတ်က ပြိုင်ဆိုင်မှု ပြင်းထန်တာကြောင့် အမြဲကြိုးစားနေပြီး ကောင်းမွန်သော အလေ့အကျင့်ကောင်းများကို ပျိုးထောင်ထားမှသာ သူများနဲ့ တန်းတူ သို့မဟုတ် သူများရှေ့ကို ရောက်မှာပါ။ ကျွန်တော်တို့ နေ့စဉ်လုပ်နေတဲ့ အပြုအမူတွေနဲ့ အလေ့အကျင့်တွေက ဘဝရဲ့ အခြေခံအုတ်မြစ်ဖြစ်လာပြီး အနာဂတ်ကိုလည်း ဖော်ဆောင်ပေးပါတယ်။ သို့သော်လည်း အချို့သော အဖျက်သဘောဆောင်တဲ့ အလေ့အကျင့်တွေနဲ့ အပြုအမူတွေကို လုပ်နေသရွေ့ကတော့ ညီအစ်ကိုတို့ တိုးတက်အောင်မြင်မှု မရှိဘဲ သူများ နောက်မှာ ကျန်ခဲ့နိုင်ပါတယ်။ ဒါကြောင့် ညီအစ်ကိုတို့ သတိထားပြုပြင်သင့်တဲ့ အချက်တွေကို ဒီဆောင်းပါးလေးကနေ ဝေမျှပေးချင်ပါတယ်။

ရည်မှန်းချက် ပန်းတိုင်မရှိခြင်း

သူများ နောက်မှာ

Photo : INC Magazine

လူတော်တော်များများက စိတ်ကူး၊ အိမ်မက်တွေကို လက်တွေ့ဖြစ်ချင်ကြပါတယ်။ ဒါပေမယ့် ခိုင်မာတဲ့ အစီအစဉ်နဲ့ ပြတ်သားတဲ့ မျှော်မှန်းချက်မရှိရင် ဘာကိုမှ အောင်မြင်ဖို့ နည်းလမ်းမရှိပါဘူး။ ပန်းတိုင်ကို သတ်မှတ်ခြင်းဟာ အဲဒါတွေကို အကောင်အထည်ဖော်ဖို့ ပထမဆုံးခြေလှမ်းပါပဲ။ ဒါ့ကြောင့် ရည်မှန်းချက်ပန်းတိုင် ထားရှိပါ။ ရည်မှန်းချက် ပန်းတိုင်မရှိခြင်းက သူများ နောက်မှာ ကျန်နေခဲ့စေမယ့် အကြီးမားဆုံး အကြောင်းအရာတစ်ခုပါပဲ။

ကိုယ့်ကိုယ်ကိုယ် သံသယဝင်ခြင်း

သူများ နောက်မှာ

Photo : Unplush

ကိုယ့်ကိုယ်ကိုယ် သံသယဆိုဝင်တယ်ဆိုတာ အိပ်မက်ထဲက လူသတ်သမားပါ။ အပျက်သဘောဆောင်သော တွေးခေါ်မှုနှင့် ကျရှုံးမှုကို ကြောက်ရွံ့ခြင်းက မသေချာမရေရာမှုနှင့် မဆုံးဖြတ်နိုင်မှုတို့ကိုသာ ဖြစ်ပေါ်စေပါတယ်။ ကိုယ့်ကိုယ်ကိုယ် အမြဲသံသယရှိပြီး ရည်မှန်းချက်များ အောင်မြင်နိုင်ပါ့မလားဟု မေးခွန်းထုတ်နေမိပါက ဘယ်တော့မှ သူများရှေ့ကို မရောက်နိုင်တော့ပါဘူး။ ဒါကြောင့် အပျက်သဘောဆောင်တဲ့ တွေးခေါ်မှုထဲမှာ ကိုယ့်ကိုယ်ကိုယ် နစ်မွန်းမနေပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပြီး ရှေ့ကို တစိုက်မတ်မတ် ဆက်လျှောက်ရင် တစ်ချိန်မှာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာပါ။

သူများရဲ့ ထင်မြင်ချက်ကို ဂရုစိုက်ခြင်း

သူများ နောက်မှာ

Photo : Happiness

ညီအစ်ကိုတို့ရေ သူများရဲ့ ကိုယ့်အပေါ် သူများရဲ့ ထင်မြင်ယူဆချက်၊ အပြောအဆိုများကို အာရုံစိုက်မိနေပါသလား။ တစ်ခါတစ်ရံမှာ တခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေကို ရယူဖို့ကောင်းတဲ့ အချိန်တွေရှိပေမယ့် လူတိုင်းဆီက ထင်မြင်ယူဆချက်တွေကိုတော့ မလိုအပ်ပါဘူး။ တခြားသူများရဲ့ ထင်မြင်ယူဆချက်များကိုပဲ နားထောင်နေခြင်းက ကိုယ့်လုပ်ဆောင်ရမယ့် အလုပ်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ထိခိုက်စေပါတယ်။ ကိုယ့်ရဲ့ အောင်မြင်မှုနဲ့ ကိုယ့်ရဲ့ ကျရှုံးမှုတွေက ကိုယ်နဲ့ပဲဆိုင်ပါတယ်။ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားပြီး အခြားသူများရဲ့ ထင်မြင်ချက်အပေါ် အလွန်အကျွံအာရုံစိုက်ခြင်းကို ရှောင်ပါ။

အချိန်ကို စောင့်ခြင်း

သူများ နောက်မှာ

Photo : PNGitem

ညီအစ်ကိုတို့အနေနဲ့ အချိန်နဲ့ ပတ်သတ်ပြီး အလေ့အကျင့်ကောင်းကို ပျိုးထောင်ထားပါသလား။ ဒီကမ္ဘာပေါ်မှာ ရှိတဲ့သူတိုင်း အချိန်ကို တန်းတူရကြပြီး အချိန်ကို အသုံးချပုံ ကွာခြားတာနဲ့ ဘဝအခြေအနေတွေလည်း ကွာခြားသွာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်ဆောင်စရာရှိတာများကို အချိန်မဆွဲဘဲ လုပ်ဆောင်သင့်ပါတယ်။ အချိန်ကို လေးစားဖို့ တန်ဖိုးရှိစွာ အသုံးချဖို့ အောင်မြင်ပြီးသူများက တိုက်တွန်းလေ့ရှိပါတယ်။ ၎င်းတို့ကိုယ်တိုင်မှာလည်း အချိန်နဲ့ပတ်သတ်ပြီး တိကျတဲ့ ကိုယ်ပိုင်စည်းမျဉ်းတွ ရှိကြပါတယ်။ အချိန်ကို မလေးစားဘဲ အချိန်ဆွဲတာမျိုး လုပ်တတ်တဲ့ အလေ့အကျင့်ရှိရင်တော့ သူများနောက်မှာ ကျန်ခဲ့မှာ အသေအချာပါပဲ။

သူများကို အပြစ်တင်ခြင်း

Photo : Meer

ကိုယ့်ရဲ့ ကျရှုံးမှုတွေ၊ အဆင်မပြေမှုတွေကို သူတစ်ပါးကို အပြစ်တင်လေ့ရှိပါသလား။ တကယ့်လက်တွေ့မှာတော့ ကိုယ့်ရဲ့ အောင်မြင်မှု၊ ကျရှုံးမှု တစ်ခုစီတိုင်းက ကိုယ့်အပေါ်မှာပဲ တာဝန်ရှိပါတယ်။ ကိုယ့်ရဲ့အဆင်မပြေခြင်း ကျရှုံးခြင်းတွေကို ကိုယ်ကိုယ်တိုင် လက်ခံပါ၊ တာဝန်ယူပါ၊ သင်ခန်းစာယူပါ။ ပြင်ဆင်ပါ။ ပြန်လည် ကြိုးစားအားထုတ်ပါ။ သူတစ်ပါးကြောင့်ဆိုတာမျိုး အပြစ်မတင်ပါနဲ့။ သူတစ်ပါးကို အပြစ်တင်တယ်ဆိုတာ အချည်းနှီးသာဖြစ်ပါတယ်။ အပြစ်တင်ခြင်းဟာ အပြုသဘောဆောင်တဲ့ အရာမဟုတ်ပါဘူး။

အခြားသူများနှင့် နှိုင်းယှဉ်ခြင်း

Photo : Professional

မအောင်မြင်သေးခင်မှာ ညီအစ်ကိုတို့အနေနဲ့ အခြားအောင်မြင်သူတစ်ဦးကဲ့သို့ ဖြစ်လိုသောဆန္ဒတွေက ရှိနေမှာပါ။ သူတို့လို မဖြစ်လို့ စိတ်ဓာတ်ကျတာဟာ အောင်မြင်မှုအတွက် အထောက်အကူပြုမှာတော့ မဟုတ်ပါဘူး။ ဒါ့အပြင် သူတစ်ပါးနဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်နေခြင်းက ရှေ့ကို မရောက်စေသလို အပျက်သဘောဆောင်သော အတွေးအမြင်တွေနဲ့ အချိန်ကုန်မှုကိုသာ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သူများနောက်မှာ မကျန်ခဲ့ဖို့ဆိုရင် နှိုင်းယှဉ်နေခြင်းထက် ပိုမိုကြိုးစားအားထုတ်မှုများကို ပြုလုပ်ခြင်းက ပိုပြီး အကျိုးရှိစေပါတယ်။

ပျင်းရိတတ်ခြင်း

Photo : Self Help for Life

ယနေ့ခေတ်လို လျင်မြန်စွာ ပြောင်းလဲတိုးတက်နေတဲ့ ကမ္ဘာကြီးမှာ ပျင်းရိတတ်သူတွေအတွက် နေရာမရှိပါဘူး။ လူတော်တော် များများက အနည်းဆုံး တချို့အချိန်တွေမှာ ပျင်းရိတတ်ပါတယ်။ တစ်ခါတစ်ရံပျင်းတာမျိုးက ပြဿနာမရှိပေမဲ့ ကိုယ်လုပ်ရမဲ့ အလုပ်တွေ၊ တာဝန်ဝတ္တရားတွေကိုလုပ်ဖို့ အကြောင်းပြချက် မရှိပျင်းရိနေတာမျိုးဆိုရင်တော့ ပြင်ဖို့လိုအပ်နေပါပြီ။ ပျင်းရိနေတတ်ပြီး အချိန်ဆွဲတတ်တဲ့သူတွေဟာ ၎င်းတို့ရဲ့ဘဝမှာ ရည်မှန်းချက်တွေ၊ တိုးတတ်အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နိုင်ဖို့ မလွယ်ကူပါဘူး။ သူများနောက်မှာ အမြဲရောက်နေသူတွေရဲ့ အဓိက အကြောင်းအရင်းကလည်း ပျင်းရိခြင်းကြောင့်ပါပဲ။

အရေးကြီးသည့်အရာများကို အလေးမပေးခြင်း

Photo : Beyond

လူတစ်ယောက်က မိမိ အမှန်တယ်လိုချင်တာ သို့မဟုတ် ပိုင်ဆိုင်ချင်တဲ့ အရာကို တိတိကျကျ သိရပါမယ်။ ကိုယ်ရယူလိုသော ပန်းတိုင်ရောက်ဖို့အတွက်လည်း ဘယ်အရာတွေက အရေးကြီးတယ်ဆိုတာ သိရပါမယ်။ ကိုယ့်ရဲ့ လုပ်ဆောင်စရာတွေထဲမှာလဲ ဘယ်အရာက အရေးကြီးလဲဆိုတာ သိပြီး ဦးစားပေး လုပ်ဆောင်ရပါမယ်။ အရေးကြီးတဲ့အရာများကို ဦးစားမပေးဘဲ အရေးမကြီးတဲ့ အရာတွေကို အလေးပေးတတ်ခြင်းကလည်း သူများနောက်မှာ ညီအစ်ကိုတို့ကို ကျန်ခဲ့စေမဲ့ အကြောင်းအရင်းတစ်ခုပါပဲ။

ညီအစ်ကိုတို့ရေ ဒီဆောင်းပါးလေးကို ဖတ်ပြီးပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ ညီအစ်ကိုတို့ရော ဒီလိုအချက်တွေ အမူအကျင့်တွေ လုပ်မိနေပါသလား။ လုပ်မိနေတယ်ဆိုရင် အမြန်ဆုံးပြင်ဆင်ပါ။ ဒါမှသာ သူများနောက်မှာ မကျန်ခဲ့စေမှာ ဖြစ်ပါတယ်။

Featured Photo : Vista Create