ဒေါ့မွန်ကွင်းလယ် ကစားသမား ဘယ်လင်ဟမ် ရဲ့ စိတ်ဓါတ်ဟာ သူနဲ့ ရွယ်တူကစားသမား တွေထက် ကွဲပြားတယ်လို့ မန်ချက်စတာ စီးတီးနည်းပြ ပက်ဂွါဒီယိုလာ က ချီးကျူးစကား ဆိုလိုက်ပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ထိပ်ဆုံးနေရာကို တက်လှမ်းနိုင်ရေး အဆုံးအဖြတ်အတွက် အင်္ဂါနေ့ညမှာ ဒေါ့မွန်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပြီး ဂျာမန်မြေမှာ ပြင်းထန်တဲ့ စိန်ခေါ်မှုတစ်ရပ်နဲ့ ရင်ဆိုင်ဖို့ မျှော်လင့်နေတာပဲ ဖြစ်ပါတယ်။

Photo : Daily Mail

အသက် ၁၉ နှစ်အရွယ် ဒေါ့မွန်ကြယ်ပွင့်ဟာ ယခုလအစောပိုင်းမှာ အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ် တာဝန်ယူခဲ့ပြီး ပြီးခဲ့တဲ့ ၂ နှစ်က ဘာမင်ဂမ်စီးတီးအသင်းကနေ ထွက်ခွာလာပြီးကတည်းက ကလပ်အသင်းရော နိုင်ငံအသင်းအတွက်ပါ အတောက်ပဆုံး ခြေစွမ်းပြကစားနေခဲ့တာ ဖြစ်ပါတယ်။

နည်းပြ ပက်ဂွါဒီယိုလာက “ သူ့ အသက် ၁၇ နှစ်အရွယ်လောက်ကတည်းက ကျွန်တော် သတိထားမိတာ ဘောလုံးစွမ်းရည်ပိုင်းမှာ ကောင်းတာတစ်ခုတည်းတင် မဟုတ်ပါဘူး။ ကွင်းထဲမှာ အော်ဟစ်တာ ၊ ဘောလုံးကန်ထုတ်ပစ်တာနဲ့ ဒိုင်လူကြီးကို စောဒကတက်တာတွေပါ မြင်တွေ့ခဲ့ရတယ် ”

“ ဒီကောင်လေးမှာ ဒိလိုစိတ်ဓါတ်တွေ ရှိတယ်။ သူအခု အသင်းရဲ့ ဦးဆောင်သူတွေထဲက တစ်ဦးဖြစ်လာခဲ့ပါပြီ။ ဒါက အထင်ကြီးစရာ အတော်ကောင်းတယ်။ သူက နိုင်ငံလက်ရွေးစင်လည်း ဖြစ်နေပြီ။ သူ့မှာရှိတဲ့ အရည်အချင်းတွေကို ကျွန်တော်တို့ကောင်းကောင်း သိထားပါတယ် ” လို့ပြောကြားခဲ့ပါတယ်။

ဘယ်လင်ဟမ်ဟာ မန်စီးတီးအိမ်ကွင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ ပထမအကျော့ပွဲစဉ်မှာလည်း အကောင်းဆုံး ကစားသမားဆိုတဲ့ ပြောဆိုငြင်းခုန်မှုတွေရှိခဲ့ပြီး စတုဂတ်ကို ၅-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာလည်း အသင်းအတွက် သွင်းဂိုး ၂ ဂိုး စွမ်းဆောင်ပေးခဲ့ပါတယ်။

ဒေ့ါမွန်နည်းပြ တာဇစ်ကလည်း အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့်ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး အပြည့်အဝယုံကြည်မှု ရှိနေပြီး “ ကျွန်တော်မြင်ဖူးသမျှ အသက် ၁၉ နှစ်အရွယ် ကစားသမားတွေထဲမှာ ဘယ်လင်ဟမ်က အရင့်ကျက်ဆုံးကစားသမား တစ်ဦးလို့ ကျွန်တော်ထင်ပါတယ်။ သူ့ဆီကနေပဲ ကျွန်တော်တို့ အကျိုးအမြတ်တွေ ရနေတာမဟုတ်ပဲ ဒေါ့မွန်အသင်းကလည်း သူ့ရဲ့တိုးတက်မှုအတွက် မှန်ကန်တဲ့ခြေလှမ်းတစ်ခုလည်း ဖြစ်စေခဲ့ပါတယ် ”

Photo : Daily Mail

“ ဘယ်လင်ဟမ် က မနက်ဖြန်အတွက်သာမကပဲ ရာသီကုန်အထိပါ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာစေမှာပါ။ သူက ကျွန်တော်တို့ကလပ်အသင်းအတွက် တင်မကပါဘူး နောက်ထပ်နှစ်တွေမှာလည်း အင်္ဂလန်လက်ရွေးစင်အသင်းအတွက်ပါ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာစေပါလိမ့်မယ် ”

“ ကျွန်တော် ဝက်စ်ဟမ်းမှာတုန်းကလည်း ဒီကလန်ရိုက်စ်နဲ့အတူတွဲပြီး အလုပ်လုပ်ခွင့်ရဖို့ လုံလောက်တဲ့ ကံကောင်းမှုတွေ ရှိခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးက တကယ်ကို အရည်အချင်းရှိပါတယ်။ သူတို့က ကွင်းလယ်နေရာနဲ့ ပတ်သက်ပြီး လာမယ့်ဆယ်စုနှစ်အတွင်း အင်္ဂလိပ်ဘောလုံးလောကကို လွှမ်းမိုးနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” ပြောကြားခဲ့ပါတယ်။

Featured Photo : Daily Mail