မန်စီးတီး ကွင်းလယ်ကစားသမား ဖီးလ် ဖိုဒန် ဟာ အသင်းနဲ့ တရားဝင် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုလိုက်ပြီဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံအသင်းမှာ လာမယ့် ၂၀၂၇ ခုနှစ်အထိ ဆက်ရှိသွားမှာ ဖြစ်ပါတယ်။

Photo : talkSPORT

အသက် ၂၂ နှစ်အရွယ် မန်စီးတီးအကယ်ဒမီထွက် ကစားသမားရဲ့ ယခင်စာချုပ်သက်တမ်းမှာ ၂၀၂၄ ခုနှစ်မှ ကုန်ဆုံးမှာ ဖြစ်ပေမယ့် မန်းစီတီးဘက်က နောက်ထပ် ၃ နှစ်စာချုပ်သက်တမ်းကို တိုးမြှင့်လိုက်တာဖြစ်ပြီး တစ်ပတ်လုပ်ခ ၃ ဆအထိ တိုးမြှင့်ကာ ပေါင် ၂၀၀၀၀၀ ကျော်အထိ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဖီးလ် ဖိုဒန်ဟာ မန်စီးတီး အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့ပြီးနောက် လိဂ်ဖလား ၄ ကြိမ် ၊ အက်ဖ်အေဖလား ၁ ကြိမ်အပါအဝင် ဆုဖလား ၉ ကြိမ် ဆွတ်ခူးခဲ့ပြီး ပြီးခဲ့တဲ့ ရာသီတွေအတွင်းမှာ နည်းပြပက်ဂွာဒီယိုလာအတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။


Photo : talkSPORT

” ကျွန်တော် အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခွင့်ရလိုက်လို့ ဘယ်လောက်ပျော်တယ်ဆိုတာ စကားလုံးနဲ့တောင် ပြောပြဖို့ ခက်ပါတယ်။ ကျွန်​​တော့် ဘဝတစ်လျှောက်လုံး မန်စီးတီး ပရိသတ်တစ်ယောက် ဖြစ်​ခဲ့တာပါ။ ကျွန်တော် ဒီမှာနှစ်အတော်ကြာအောင် လေ့ကျင့်ခဲ့ပြီး ဘောကောက်သမားတစ်ယောက်တောင် ဖြစ်ခဲ့ဖူးပါတယ်။ ကျွန်တော် ဒီကလပ်ကို အရမ်းချစ်ပါတယ်။ လာမယ့် ၂၀၂၇ ခုနှစ်အထိ ဒီအသင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခွင့်ရတာကို အံ့ဩဝမ်းသာမဆုံး ဖြစ်ရပါတယ်”

” မကြာသေးမီ နှစ်တွေအတွင်းမှာတော့ ကျွန်တော်အများကြီး တိုးတက်လာခဲ့ပါတယ်။ အဲ့ဒါကလည်း လေ့ကျင့်ရေးကွင်းမှာ နေ့တိုင်း ကျွန်တော့်ကို လမ်းညွှန်ပြသပေးနေတဲ့ နည်းပြပက်ဂွာဒီယိုလာနဲ့ သူ့ရဲ့ဝန်ထမ်းတွေကြောင့်ပါပဲ။ သူတို့နဲ့ တွဲပြီး အလုပ်လုပ်ရတာက ကျွန်တော့်ကို ပိုတိုးတက်စေပြီး အကောင်းဆုံးကစားသမားဖြစ်လာဖို့ အကောင်းဆုံးအခွင့်အရေးတွေကို ပေးပါတယ်။ ကျွန်တော် ဒီမှာရှိတဲ့ ကစားသမားတွေနဲ့အတူ ဆက်လက်သင်ယူပြီး ဆုဖလားတွေ ထပ်မံဆွတ်ခူးနိုင်မယ်လို့ ခံစားရပါတယ်။ အဲ့ဒါတွေက ကျွန်တော့်အတွက် အရေးပါဆုံးအရာတွေပါပဲ”လို့ ဖိုဒန်က ကလပ်အသင်း ဝက်ဘ်ဆိုဒ်ကနေ ပြောခဲ့ပါတယ်။


Photo : Sky Sports

မန်စီးတီး အသင်းကတော့ ယခုနှစ်ရာသီ ၉ ပွဲကစားအပြီးမှာ ရမှတ် ၂၃ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး လာမယ့် တနင်္ဂနွေနေ့မှာ လီဗာပူးနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

Featured Photo : Polish News