အန်ဇို ဖာနန်ဒက်ဇ် ၊ မွိုက်စ် ကိုင်စီဒို ၊ ရိုမီရို လာဗီယာ ပျိုမြစ်လှသော ကွင်းလယ် အတွဲအဖက်ကို ပိုင်ဆိုင်ထားရတဲ့ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးသော ကွင်းလယ် အစုအဖွဲ့တစ်ခု ဖြစ်လာလိမ့်မယ်လို့ ယူဆထားခဲ့ရပေမယ့်လည်း ပထမဆုံးအကြိမ်အဖြစ် အန်ဇို နဲ့ ကိုင်စီဒိုတို့ တွဲဖက် ကစားရချိန်မှာပဲ လိုအပ်ချက်တွေ ရှိလာခဲ့ရသလို အသင်းကလည်း ရှုံးပွဲပါ ကြုံတွေ့သွားခဲ့ရပါတယ်။

enzo

Photo Credit : Twitter

မနေ့က ဝက်စ်ဟမ်းအသင်းနဲ့ လန်ဒန်ဒါဘီပွဲကို ဆင်နွဲခဲ့ရတဲ့ ချယ်လ်ဆီးအသင်းဟာ ဒီရက်ပိုင်းကမှ ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (၁၁၅)သန်းနဲ့ ခေါ်ယူထားတဲ့ ကိုင်စီဒိုကို အရန် ကစားသမားစာရင်းမှာ ထည့်သွင်းလာခဲ့ပြီး ဒုတိယပိုင်းမှာလည်း ပွဲကစားခွင့် ပေးခဲ့ပါသေးတယ်။ ကိုင်စီဒိုကို ကစားခွင့် မပေးခင် သူ့အရင် ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးရှင် အန်ဇိုက ချယ်လ်ဆီး ကွင်းလယ်မှာ ဦးဆောင် ကစားလာခဲ့ရင်း ပထမပိုင်း ပွဲချိန်အတွင်း ပင်နယ်တီ ကန်သွင်းခွင့်ကိုပါ ကန်သွင်းခဲ့ရာ ဝက်စ်ဟမ်း ဂိုးသမား ကာကွယ်ခဲ့လို့ ဦးဆောင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။

caicedo

 

ကစားသမားသစ် ကိုင်စီဒိုကလည်း ပွဲချိန် (၆၁)မိနစ်မှာပဲ ပါဝင် ကစားခွင့် ရရှိခဲ့ပြီး အန်ဇို ကိုင်စီဒိုဆိုတဲ့ ကွင်းလယ် အတွဲအဖက်ကို စတင် မြင်တွေ့ရချိန် ကိုင်စီဒိုက သူရဲ့ ပွဲဦးထွက်မှာပဲ လိုအပ်ချက်တွေ များစွာ ဖြစ်ပေါ်ခဲ့ရပါတယ်။ ကိုင်စီဒိုက ဒီပွဲမှာ ဖျက်ထုတ်မှု (၂)ကြိမ် လုပ်ဆောင်ခဲ့ရာ တစ်ကြိမ်မှာတော့ ဧရိယာထဲ ဖျက်ထုတ်မှုက ပြစ်ဒဏ် ကျူးလွန်သလို ဖြစ်သွားခဲ့ရာကနေ ပင်နယ်တီ ကန်သွင်းခွင့်ပြုလိုက်ရပါတယ်။ ဒါက ကိုင်စီဒိုအတွက်တော့ ဆိုးရွှားလှတဲ့ ချယ်လ်ဆီး ကစားသမားဘဝ ပွဲဦးထွက် အခိုက်အတန့် ဖြစ်သွားခဲ့ရပါတယ်။

cucurella and potter

Photo Credit : The Sun

ချယ်လ်ဆီးက ဘရိုက်တန်ကနေ ကိုင်စီဒိုကိုသာမက ကူကူရယ်လာ နဲ့ ရောဘတ် ဆန်းချက်ဇ်တို့ကိုလည်း ခေါ်ယူခဲ့ဖူးသလို နည်းပြ ဂရေဟမ် ပေါ်တာကိုပါ ခေါ်ယူခဲ့ပါတယ်။ ဂိုးသမား ဆန်းချက်ဇ် နဲ့ ကိုင်စီဒိုတို့က အခုမှ အသင်းဆီ ရောက်လာခဲ့ဖြစ်ပြီး ကူကူရယ်လာ နဲ့ နည်းပြပေါ်တာတိို့က ချယ်လ်ဆီးအသင်းဆီ အရင်ရောက်လာသူတွေ ဖြစ်ပါတယ်။ ပေါ်တာကတော့ ချယ်လ်ဆီးကို တစ်ရာသီအပြည့်တောင် မကိုင်တွယ်လိုက်ရပဲ ရလဒ်တွေ ဆိုးလွန်းလို့ ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ကူကူရယ်လာဆိုရင်လည်း အခု ဘန်ချီဝဲလ်ရဲ့ အရန်တောင် ဖြစ်နေရပါတယ်။ အခု ဆန်းချက်ဇ် နဲ့ ကိုင်စီဒိုတို့လည်း ဘယ်လိုပုံစံတွေ ဖြစ်လာဦးမလဲ ထပ်ပြီး ဂျင်းမိသွားမလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။