စပိန် လာလီဂါ အင်အားကြီးကလပ် ရီးယဲလ် မက်ဒရစ်အသင်းဟာ လာမယ့် ဘောလုံးရာသီမှာ အသင်းနည်းပြကြီး ကားလို့ အန်ဆယ်လော့တီ ထွက်ခွာတော့မှာဖြစ်လို့ နည်းပြ အပြောင်းအလဲ လုပ်ဆောင်ဖို့ ရှိနေရာ အသင်းရဲ့ ကစားသမားဟောင်း ဇာဗီ အလွန်ဆိုအပြင် ဘရိုက်တန် နည်းပြ ရောဘတ်တို ဒီဇာဘီကိုပါ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

alonso

Photo Credit : Bundesliga

လက်ရှိ ရီးယဲလ်အသင်းကို ကိုင်တွယ်နေတဲ့ အီတလီလူမျိုး နည်းပြကြီး အန်ဆယ်လော့တီက ဒီရာသီအကုန်မှာပဲ ဘရာဇီးလ် လက်ရွေးစင်အသင်းအဖြစ် စတင် တာဝန်ယူသွားဖို့ ရှိနေတာကြောင့် သူ့နေရာမှာ အစားထိုးဖို့အတွက် နည်းပြတချို့ကို ရှာဖွေလာခဲ့ပါတယ်။ လတ်တလောမှာတော့ ရီးယဲလ် ကစားသမားဟောင်းလည်းဖြစ် လက်ရှိ လေဗာကူဆင်အသင်းရဲ့ နည်းပြလည်းဖြစ်တဲ့ အလွန်ဆိုက အန်ဆယ်လော့တီနေရာ ဆက်ခံနိုင်မယ့်သူအဖြစ် ရေပန်းစားလျက် ရှိနေပြီး အန်ဆယ်လော့တီ ကိုယ်တိုင်ကလည်း အလွန်ဆို အပါအဝင် ရီးယဲလ် ကစားသမားဟောင်းတွေဖြစ်တဲ့ ရာအူးလ် အာဘီလိုအာတို့ကို တစ်နေ့မှာ ရီးယဲလ် နည်းပြတွေအဖြစ် မြင်တွေ့သွားချင်တယ်လို့ ပြောဆိုထားခဲ့ပါတယ်။ ဒါပေမယ့် ရီးယဲလ်ဘက်ကတော့ အလွန်ဆို တစ်ဦးတည်းကိုသာ စိတ်ဝင်စားနေတာ မဟုတ်ပဲ ဘရိုက်တန်အသင်းရဲ့ နည်းပြဖြစ်သူ ဒီဇာဘီကိုလည်း စိတ်ဝင်စားနေပြန်ပါတယ်။

de zarbi

Photo Credit : Goal

ဒီဇာဘီကတော့ အန်ဆယ်လော့တီလို အီတလီလူမျိုး ဘောလုံးနည်းပြတစ်ဦးဖြစ်ပြီး မနှစ်ကမှ ဂရေဟမ် ပေါ်တာရဲ့နေရာကို အစားဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီဇာဘီဟာ ဘရိုက်တန်လို အသင်းမျိုးကို ယူရိုပါလိဂ်ပြိုင်ပွဲ ဝင်ရောက်ခွင့် ရရှိအောင် အဓိကနေရာကနေ စွမ်းဆောင်ပေးထားနိုင်သူ ဖြစ်တာကြောင့် ရီးယဲလ်အနေနဲ့ အလွန်ဆိုအပြင် ဒီဇာဘီကိုပါ ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

roberto de zerbi

Photo Credit : Goal

အသက် (၄၄)နှစ်အရွယ်ရှိ နည်းပြ ဒီဇာဘီဟာ ဘင်နီဗင်တို ဆာဆူအိုလိုတို့လို အီတလီ ကလပ်အသင်းတွေကို ကိုင်တွယ်ရင်း သူရဲ့ တိုက်စစ် အသားပေး နည်းစနစ်တွေက လူသိများလာခဲ့သလို ယူကရိန်း ထိပ်သီးကလပ် ရှက်တာဒိုးနက်အသင်းကပါ သူတို့အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ဒီဇာဘီက ဘရိုက်တန် နည်းပြအဖြစ် ဆက်လက် ဆောင်ရွက်နေပြီး နည်းပြဘဝရဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မယ့် ရီးယဲလ် နည်းပြရာထူးကို ရရှိလာနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။

Featured Photo : talkSPORT