ကျွန်တော်တို့ ရှင်သန်နေတဲ့ ဘဝက ပျော်ရွှင်စရာတွေ၊ ချိုမြိန်မှုတွေနဲ့ချည်း ပြည့်နှက်နေတာတော့ မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ ကိုယ်မမျှော်လင့်ထားတဲ့ သစ္စာဖောက်မှုတွေ၊ လိမ်လည်မှုတွေ၊ လိမ်လည်လှည့်ဖြားခြင်းတွေ၊ မလေးစားခြင်းတွေ၊ အခွင့်ကောင်းယူခံရခြင်းတွေ၊ ဆုံးရှုံးခြင်းတွေ၊ မယုံကြည်နိုင်မှုတွေ၊ နာကြည်းမှုတွေ စတာတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒီအရာတွေက ဘဝမှာ ကြုံဆုံတွေ့နိုင်တဲ့ ခါးသီးမှုတွေ ပါပဲ။
ဒီလို နာကျင်စရာကောင်းတဲ့ ခါးသီးမှုတွေကို ကျွန်တော်တို့က မိသားစုဘဝကဖြစ်စေ၊ လူမှုဘဝကဖြစ်စေ၊ လုပ်ငန်းခွင်ကဖြစ်စေ၊ Relationship က ဖြစ်စေ ရနိုင်ပါတယ်။ လူတိုင်းက တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ဘဝရဲ့ ခါးသီးမှုတွေကို ကြုံဖူးကြမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် အခြေအနေနဲ့ ပြင်းထန်မှု ရှိခြင်း မရှိခြင်းသာ ကွာခြားနိုင်ပါတယ်။ ဒီလို နာကျင်စရာကောင်းတဲ့ ခါးသီးမှုတွေက အကြာကြီး ရင်ထဲမှာ မြှပ်နှံထားဖို့ မသင့်ပါဘူး။ ကြာလာရင် လူတွေကို မယုံကြည်နိုင်တော့ဘဲ ကွီးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဒီလို ဘဝက ပေးလာတဲ့ ခါးသီးမှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ နည်းလမ်းလေးတွေကို ဝေမျှသွားမှာ ဖြစ်ပါတယ်။
လက်ခံလိုက်ပါ
Photo : Unplash
ကိုယ့်ရဲ့ အားနည်းချက်တွေ၊ အမှားတွေ၊ ကြုံတွေ့လာရတဲ့ အဖြစ်အပျက်တွေကို အရှိကို အရှိအတိုင်း လက်ခံလိုက်ခြင်းက ခါးသီးမှုကို အနိုင်ယူဖို့ ပထမဆုံးခြေလှမ်းပါပဲ။ တစ်ခါတစ်ရံမှာ ကြုံတွေ့ရတဲ့ ခါးသီးမှုက ပြင်းထန်တဲ့အတွက် ထိုအရာကို စိတ်ထဲက လက်မခံဘဲ တင်းထားတတ်ကြပါတယ်။ အမှန်တကယ်လည်း ခါးသီးမှုတွေကို ချက်ချင်းလက်ခံပေးလိုက်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဖြည်းဖြည်းချင်း အချိန်ယူပြီး ထိုခါးသီးမှုတွေကို လက်ခံလိုက်ပါ။ ဘဝမှာ မမျှတတာတွေ၊ လက်ခံဖို့ခက်ခဲတာတွေ၊ မထိုက်တန်တာတွေ ကြုံတွေ့ရနိုင်တယ်ဆိုတာ နားလည်ထားရပါမယ်။ ဖြစ်ပြီးတဲ့အရာတွေကို အတိတ်ကို ပြန်သွားပြီး ပြင်ဆင်လို့မရပါဘူး။ ထိုအရာကို လက်ခံတတ်အောင်ပဲ သင်ယူပြီး ဘဝကို ရှေ့ဆက်လျှောက်လှမ်းရမှာပါ။
ခွင့်လွှတ်တတ်ပါစေ
Photo : The Independent
တစ်ခါတစ်ရံမှာ ကိုယ်မကြုံဆုံချင်တဲ့ အရာတွေက ကိုယ်ကိုယ်တိုင်ကြောင့်ဖြစ်စေ၊ သူတစ်ပါးကြောင့် ဖြစ်စေ၊ ဖြစ်လာရပါတယ်။ ဒီလိုမျိုး ကြုံရတဲ့အခါ ကိုယ့်ကိုယ်ကို အပြစ်တင်တာ၊ ယူကျိုးမရဖြစ်တာ၊ သူတစ်ပါးကို နာကြဉ်းတာ၊ မုန်းတီးတာ စတဲ့ ခံစားချက်တွေ ပြည့်နှက်လာပြီး ကွီးတို့ကို ပိုပြီး နာကျင်စေပါလိမ့်မယ်။ ဒီလို ခါးသီးနာကျင်မှုတွေကို ဖြတ်ကျော်ဖို့အတွက် ခွင့်လွှတ်ခြင်းက အဖြေပါပဲ။ ကိုယ့်ကိုယ်ကိုဖြစ်စေ၊ သူတစ်ပါးကိုဖြစ်စေ ခွင့်လွှတ်လိုက်ပါ။ ဒီလို ခွင့်လွှတ်ခြင်းက မလွယ်ကူနိုင်ပါဘူး။ သို့သော်လည်း ခွင့်လွှတ်ခြင်းက ကွီးတို့ နှလုံးသားထဲက အမုန်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
လျစ်လျူရှုလိုက်ပါ
Photo : Healthline
တစ်ခါတစ်ရံမှာ ကိုယ့်အပေါ်မှာ မကောင်းတဲ့သူတွေ၊ ကိုယ့်အပေါ်ကို သစ္စာဖောက်သွားတဲ့ သူတွေကို ဆိုရှယ်မီဒီယာကနေပဲ ဖြစ်ဖြစ် စောင့်ကြည့်နေမိတတ်ပါတယ်။ ဒီလို လုပ်မိနေရင် ချက်ချင်းရပ်တန့် ပစ်လိုက်ပါ။ ကိုယ် နာကြည်းရသူများကို စောင့်ကြည့်ခြင်းက ကိုယ့်ရဲ့နာကျင်မှုတွေ၊ ခါးသီးမှုတွေ၊ အမုန်းတွေကို ပိုပြီးပြင်းထန်စေပါတယ်။ ဒါဆိုရင် အရင်ဆုံး ထိခိုက်တာကတော့ ကိုယ့်ကိုယ်တိုင်ပါပဲ။ ဒါကြောင့် ဒီလိုလူတွေကို လျစ်လျူရှုလိုက်ဖို့ လိုပါတယ်။ ဒီလို လျစ်လျူရှုလိုက်ခြင်းက ကွီးတို့ရဲ့ စိတ်ကို တည်ငြိမ်မှုနဲ့ အေးချမ်းမှု ရှိလာတာတွေ့ရပါလိမ့်မယ်။ ကိုယ့်ဘဝကို ခါးသီးမှုတွေ ယူဆောင်လာပေးတဲ့ သူတွေကို ခွင့်မလွှတ်နိုင်ရင်တောင် လျစ်လျူရှုလိုက်ပါ။
ကိုယ့်ကိုယ်ကို ပိုပြီး အလေးနက်ထားပါ
Photo : Better Up
ကိုယ်ရင်ဆိုင်နေရတဲ့ ခါးသီးမှုတွေ၊ မုန်းတီးသူတွေကို ပိုပြီးအာရုံစိုက်လေလေ၊ ကိုယ့်ကိုယ်ကို ပိုပြီး ဂရုမစိုက်မိလေလေ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ တည်ငြိမ်အေးချမ်းမှုကို မရှာဖွေနိုင်ဘဲ မိမိကိုယ်တိုင်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကို ပိုပြီး ပစ်ထားမိလေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ် နာကျင်စေခဲ့တဲ့ သူတွေ၊ ခက်ခဲတဲ့ အဖြစ်အပျက်တွေကို မေ့ပစ်ဖို့ ကိုယ့်အတွက် ရည်မှန်းချက်တွေ ချမှတ်ပြီး အောင်မြင်ဖို့ အာရုံစိုက်ပါ။ ကိုယ်ကိုယ်တိုင် အလုပ်များနေပြီး၊ ကိုယ့်ကိုယ်ကို ပိုပြီး ဦးစားပေးနေရင် တဖြည်းဖြည်းနဲ့ ခါးသီးမှုတွက ပျောက်ကွယ်သွားပါလိမ့်မယ်။ ကိုယ့်ရဲ့ ကျန်းမာရေး၊ တိုးတက်ရေး၊ ကိုယ့်ရဲ့ အသွင်အပြင် ဒါတွေကိုပဲ အာရုံစိုက်လိုက်ပါ။
ကွီးတို့ရေ ဘဝမှာ ခါးသီးမှုတွေ တွေ့ကြုံတဲ့အခါမှာ ထိုအထဲမှာပဲ နစ်မြှပ်မနေပါနဲ့။ လူတိုင်းက ဒီလိုမျိုး ခါးသီးမှုတွေ ကြုံတွေ့ဖူးကြပါတယ်။ သို့သော်လည်း လူတိုင်းတော့ လဲပြိုမနေပါဘူး။ ကိုယ်ကြုံတွေ့ရတဲ့ အခြေအနေတွေ၊ အဖြစ်အပျက်တွေကြောင့် နာကျင်မှုကို ကျော်လွှားဖို့ အချိန် အတိုင်းအတာတစ်ခုထိ ကြာနိုင်ပါတယ်။ ဒါပေမယ့် လုံးဝ လက်မလျော့လိုက်ပါနဲ့။ အချိန်က စကားပြောသွားမှာပါ။ အခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေကလည်း ခါးသီးမှုတွေကို ကျော်လွှားနိုင်ပြီး ဘဝကို ဆက်လက်လျှောက်လှမ်းဖို့ အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။
Featured Photo : Desired God