အောင်မြင်မှု တစ်ခုကို ရယူနိုင်ဖို့ ကွီးတို့ကိုယ်တိုင် စနစ်တကျ လေ့ကျင့်ပျိုးထောင်လို့ ရတယ်ဆိုတာ ယုံကြည်မှု ရှိပါသလား။ ယနေ့ခေတ် ကမ္ဘာမှာ အောင်မြင်နေတဲ့ သူတွေကို ကြည့်လိုက်ပါတယ်။ ၎င်းတို့ဟာ အောင်မြင်မှုရဖို့အတွက် စိတ်အားထက်သန်မှုတွေ၊ ကြိုးစားမှု၊ ဇွဲ စသည်တို့ဖြင့် စနစ်တကျ လျှောက်လှမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်မှ ထိုက်သင့်တဲ့ အားထုတ်မှုမရှိဘဲ အောင်မြင်မှုကို လွယ်လွယ်ကူကူ ရခဲ့တာမျိုး မရှိပါဘူး။ ဒါကြောင့် ဘဝ မှာ အောင်မြင်မှု ဆီကို တတ်လှမ်းနိုင်ဖို့ အထောက်အကူပြုမဲ့ အဆင့် ၆ ဆင့် ကိုဖော်ပြပေးချင်ပါတယ်။

အဆင့် (၁) စိတ်ဓာတ်ကို ပြုပြင်ပါ

ဘဝ အောင်မြင်မှု

Photo : Jouw Beste Leven

ကွီးတို့ရေ လူသားတွေရဲ့ ဘဝမှာ ထိန်းချုပ်ဖို့ အခက်ဆုံးက စိတ်ပါပဲ။ လူတွေရဲ့ စိတ်စွမ်းအားဟာ တကယ်ကို ကြီးမားပါတယ်။ တစ်ခုခုကို လိုချင်အောင်မြင်ချင်ရင် စိတ်ကို ပိုင်းဖြတ်ပြီး ရယူနိုင်စွမ်း လူသားတိုင်းမှာ ရှိပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ ဘဝ မှာ လိုချင်တဲ့ အောင်မြင်မှု ရယူနိုင်ဖို့အတွက် အရင်ဆုံး ကိုယ့်ရဲ့စိတ်ဓာတ်ကို ပြင်ရပါမယ်။ “ငါဖြစ်မှ ဖြစ်ပါ့မလား” ဆိုတဲ့ သံသယစိတ်တွေ နေရာမှာ “ငါလုပ်နိုင်တယ်၊ ငါအောင်မြင်အောင်လုပ်နိုင်တယ်၊ ဘာမဆို ဖြစ်မဆို ဖြစ်နိုင်တယ်။” ဆိုတဲ့ စိတ်ဓာတ်ကို အစားထိုးလိုက်ပါ။ ဒီလိုစိတ်ဓာတ်ကို ပြောင်းလဲရုံနဲ့ ကွီးတို့အနေနဲ့ အခြားအဆင့်တွေကို တတ်လှမ်းဖို့ လွယ်ကူသွားပါလိမ့်မယ်။

အဆင့် (၂) စိတ်အားထက်သန်သူများနဲ့ ဝန်းရံပါ

ဘဝ အောင်မြင်မှု

Photo : Vonlanthen

နေ့စဉ်ပေါင်းသင်းဆက်ဆံနေရတဲ့ ပတ်ဝန်းကျင် ကျွန်တော်တို့အပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ “တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး” ဆိုတဲ့ စကားပုံကို ကွီးတို့ သိကြမှာပါ။ ထို့အတူ ကျွန်တော်တို့ ပတ်ဝန်းကျင်က အမူအကျင့်တွေက ကျွန်တော်တို့ အပေါ် လွှမ်းမိုးမှု အနည်းနဲ့ အများတော့ ရှိပါတယ်။ ကွီးတို့ နေ့စဉ်ကျင်လည်နေတဲ့ ပတ်ဝန်းကျင်က ကြိုးစားအားထုတ်နေသူတွေ၊ စိတ်အားထက်သန်သူတွေ ဝန်းရံနေတယ်ဆိုရင် ကွီးတို့အတွက် အသိအမြင်အသစ်တွေ တိုးစေပြီး လိုအပ်သော အကူအညီများ ရနိုင်ရုံသာမက ကွီးတို့ ဆက်လက်လျှောက်လှမ်းမဲ့ အောင်မြင်မှု လမ်းကြောင်းမှာလည်း အထောက်အကူ ဖြစ်ပါလိမ့်မယ်။

အဆင့် (၃) Comfort Zone ထဲက ရုန်းထွက်ပါ၊ ကြိုးစားပါ

ဘဝ အောင်မြင်မှု

Photo : Vista Create

ကွီးတို့ရေ အောင်မြင်မှုကို ရယူဖို့ စိတ်လည်းပိုင်းဖြတ်ပြီးသွားပြီ၊ ကိုယ်မှာ ပတ်ဝန်းကျင်ကောင်းလည်း ရှိနေပြီဆိုရင် ကွီးတို့ အနေနဲ့ အမှန်တစ်ကယ် ကိုယ်စွမ်း ဉာဏ်စွမ်း စိုက်ထုတ်ပြီး ကြိုးစားဖို့ အချိန်ရောက်ပါပြီ။ ကွီးတို့ လက်ရှိရောက်နေတဲ့ နေရာက ကွီးတို့အတွက် စိန်ခေါ်မှုလည်းမရှိဘူး၊ မတိုးတတ်စေဘူးဆိုရင် ထိုနေရာက ရုန်းထွက်လိုက်ပါ။ ကွီးတို့တစ်နေ့တာမှာ ရိုးရှင်းပြီး စိန်ခေါ်မှုတွေ မရှိဘဲ သက်တောင့်သက်သာ ဖြစ်နေပြီး Comfort Zone ထဲက ရုန်းမထွက်နိုင်ဘူးဆိုရင် ကွီးတို့ရောက်ချင်တဲ့ ပန်းတိုင်တွေ၊ အောင်မြင်မှုတွေ ရနိုင်မှာ မဟုတ်ပါဘူး။ စိန်ခေါ်မှုအသစ်တွေ၊ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းပြီး ကွီးတို့ရဲ့ အရည်အချင်းကို မြှင့်တင်လိုက်ပါ။

အဆင့် (၄) စိတ်ခွန်အားကိုတည်ဆောက်ပါ

ဘဝ အောင်မြင်မှု

Photo : Inc. Magazine

အောင်မြင်မှု ရယူဖို့ ကြိုးစားတဲ့ နေရာမှာ အခက်အခဲတွေ၊ စိတ်ဖိစီးမှု တွေကို ရင်ဆိုင်ကြုံတွေ့ရမှာပါ။ အောင်မြင်မှု ကြီးကြီးမားမားကို လိုချင်လေ၊ ရင်ဆိုင်ကြုံတွေ့မဲ့ အခက်အခဲက ကြီးမားလေပါပဲ။ ပထမဆုံးအဆင့်မှာ အောင်မြင်အောင်လုပ်မယ်လို့ ဘယ်လိုပဲ စိတ်ပိုင်းဖြတ်ထားပါစေ၊ စိတ်ဖိစီးမှုတွေ၊ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်လာရတဲ့ အခါမှာ လက်လျော့အရှုံးပေးချင်တဲ့ စိတ်များဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ ထိုအတားအဆီးများကို ကျော်ဖြတ်နိုင်ဖို့ စိတ်ဓာတ်ခိုင်မာဖို့လိုပါတယ်။ ကွီးတို့ အခက်အခဲတွေ၊ စိတ်ဓာတ်ကျမှုတွေကို ရင်ဆိုင်ရတဲ့အခါ မိသားစုတွေ၊ ချစ်ရသူတွေထံက စိတ်ခွန်အားတိုးတတ်စေဖို့ အားပေးမှုကို ခံယူပါ။ တစ်ယောက်တည်း ကြိတ်ခံစားခြင်းက အဖြေမဟုတ်ပါဘူး။ ပြီးလျှင် ကိုယ့်ကိုယ်ကို တည့်မတ်ပြီး ပြန်လည်ကြိုးစားပါ။

အဆင့် (၅) အမြဲသင်ယူလိုစိတ် ပြင်းပြနေပါစေ

success

Photo : Island Continent

အောင်မြင်ပြီးတဲ့ လူတိုင်းလိုလိုကို ကြည့်လိုက်ရင် အမြဲသင်ယူလေ့လာလိုစိတ်တွေနဲ့ ပြည့်နေတာကို တွေ့ရပါလိမ့်မယ်။ ၎င်းတို့ဟာ မအောင်မြင်ခင်အချိန်ကတည်းက သိလိုတဲ့အရာတစ်ခုအတွက် မေးခွန်းများစွာ မေးတတ်ကြပါတယ်လို့ ဆိုပါတယ်။ ကွီးတို့အနေနဲ့လည်း လုပ်နေတဲ့ အလုပ်တစ်ခုဖြစ်စေ၊ ကြီးကြီးမားမား အောင်မြင်ဖို့ဆိုရင် အမြဲသင်ယူလေ့လာလိုစိတ် ပြင်းထန်နေဖို့လိုပါတယ်။ သိလိုသမျှကို အတွေ့အကြုံရှိပြီးသား လူတွေထံ မေးမြန်းပါ။ ဘယ်တော့မှ သင်ယူလေ့လာလိုစိတ်၊ သိချင်စိတ်ကို မရပ်တန့်လိုက်ပါနဲ့။

အဆင့် (၆) ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ပါ

success

Photo : Forbes

ကွီးတို့ရေ ဘဝ မှာ အောင်မြင်မှု ရချင်ရင် ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ဖို့လည်း အရေးကြီးပါတယ်။ ကိုယ်လျှောက်နေတဲ့ လမ်းဟာမှန်ရဲ့လား။ ကိုယ်ရဲ့ လိုအပ်ချက်တွေက ဘာပါလဲ။ ဘယ်လိုနည်းလမ်းက ကွီးတို့အတွက် ပိုပြီး အကျိုးရှိစေမလဲ စသည်ဖြင့် အမြဲသုံးသပ်ဖို့လိုပါတယ်။ လိုအပ်သေးလျှင် ထပ်ကြိုးစားပါ။ မှားနေလျှင် အချိန်မှီပြုပြင်ပါ။ မိမိကိုယ်တိုင်ထက် ဘယ်သူမှ ကျွန်တော်တို့ ပိုမသိနိုင်ပါဘူး။

ဘဝ မှာ အောင်မြင်မှု ကို ရယူဖို့က ပန်းတိုင်ဆိုလျှင် ကွီးတို့အနေနဲ့ ဒီအဆင့်တွေကို တစ်ဆင့်ချင့် ဖြည့်တင်းသွားပြီး ကွီးတို့ရဲ့ ပန်းတိုင်ဆီကို အရောက်တတ်လှမ်းလိုက်ပါ။

Source : Career

Featured Photo : Vista Create