မန်ချက်စတာ စီးတီးအသင်း နည်းပြဖြစ်သူ ပက်ပ် ဂွာဒီယိုလာက ဒီကနေ့မှာ ချီးမြှင့်သွားမယ့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or Award)ကို သူရဲ့တပည့်ကျော်တွေဖြစ်တဲ့ လီယွန်နယ် မက်ဆီရော အာလင်း ဟာလန်းပါ ဆွတ်ခူးဖို့အတွက် ထိုက်တန်မှုရှိလို့ ဒီနှစ်ထဲ ဆု(၂)ဆု ခွဲပေးသင့်တယ်လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

messi haaland ballond'or

Photo Credit : BeSoccer

(၆၇)ကြိမ်မြောက်အဖြစ်နဲ့ ကျင်းပလို့သွားမယ့် ၂၀၂၃ ဘာလွန်းဒေါဆုပေးပွဲကြီးကို ဒီနေ့ မြန်မာစံတော်ချိန် ည(၁၂)နာရီခွဲအချိန် ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာရှိတဲ့ Théâtre du Châtelet ပြဇာတ်ရုံကြီးအတွင်း တခမ်းတနားနဲ့ ကျင်းပသွားမှာဖြစ်ပြီး ဒီနှစ်ဆုပေးပွဲမှာလည်း ဘာလွန်းဒေါဆုကို စံချိန်တင် အရေအတွက်အဖြစ် ပိုင်ဆိုင်ထားတဲ့ မက်ဆီကပဲ (၈) ကြိမ်မြောက်အဖြစ် ထပ်မံ ပိုင်ဆိုင်နိုင်ဖို့ အပြတ်အသတ် ရေပန်းစားနေပါတယ်။

haaland messi

Photo Credit : Manchester City News

ဒီဆုအတွက် ရေပန်းအစားဆုံး ဖြစ်နေရတဲ့ ဘာစီလိုနာ နဲ့ ပီအက်စ်ဂျီ ကစားသမားဟောင်း ဘောလုံးလောကရဲ့ GOAT ကြီး တစ်ပါးဖြစ်သူ မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်အတွင်းက အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့တဲ့အပြင် အဲ့ဒီပြိုင်ပွဲမှာလည်း အကောင်းဆုံး ကစားသမားဆုကိုပါ ပိုင်ဆိုင်ခဲ့ရပြီး သူအလိုချင်ဆုံး World Cup ကို အရယူနိုင်ခဲ့ပါတယ်။ အဲ့ဒီလိုပဲ ဟာလန်းကလည်း မနှစ်က ဘောလုံးရာသီထဲ မန်စီးတီးနဲ့အတူ Treble Champions ဖလား(၃)လုံး ချန်ပီယံ ဖြစ်ခဲ့သလို ပရီးမီးယားလိဂ် တာထွက်ရာသီမှာ (၃၆)ဂိုးထိ သွင်းယူနိုင်ရင်း စံချိန်တင်နိုင်ခဲ့ပြီး တစ်ရာသီလုံးမှာလည်း စုစုပေါင်း (၅၂)ဂိုးတောင် သွင်းယူနိုင်ခဲ့ပါတယ်။

pep haaland messi

Photo Credit : Sky Sports

ဒီကစားသမားနှစ်ဦးနဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက “ကျွန်တော် ဒီကစားသမားနှစ်ယောက်လုံးအတွက် ကြီးမားတဲ့ ချစ်ခင်မှုတွေ ရှိပါတယ်။ တကယ်လို့ မက်ဆီက ဘာလွန်းဒေါဆုကို ရသွားခဲ့ရင် သူက ကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့တာမို့ ဒါက မျှတမှု ရှိပါတယ်။ဒါမှမဟုတ် ဟာလန်းက ဒီဆုကို ရသွားခဲ့မယ်ဆိုရင်လည်း ဘောလုံးရာသီ တစ်ရာသီလုံး သူစွမ်းဆောင်ခဲ့တာတွေနဲ့ ယှဉ်ကြည့်ရင် ဒါကလည်း မျှတနေပါတယ်။ နှစ်ယောက်လုံးက ဒီဆုအတွက် ထိုက်တန်နေတာဖြစ်လို့ ဒီနှစ်မှာ ဆု(၂)ဆုတောင် ခွဲပြီး ချီးမြှင့်သင့်ပါတယ်။” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

Featured Photo : Sportskeeda