လီဗာပူးအသင်းကနေ ပြောင်းရွေ့လာတဲ့ တိုက်စစ်မှူး ဆာဒီယို မာနေး ကတော့ ဘိုင်ယန်မြူးနစ် အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲတွေမစမီ ပယ်မာ ဒီ မာယော့ကာမြို့မှာ အပန်းဖြေရင်း အင်္ကျီတောင်မပါပဲ လေ့ကျင့်ခန်းတွေ အပြင်းအထန် လုပ်ဆောင်နေပါတယ်။


Photo : SPORTbible

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဆီနီဂေါတိုက်စစ်မှူးဟာ လီဗာပူးအသင်းနဲ့အတူ ၆ နှစ်တာ ဆုဖလားတွေ ရယူခဲ့ပြီးနောက် ယခုနွေရာသီ အပြောင်းအရွှေ့မှာ ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းကို ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

မာနေး ဟာ စိန်ခေါ်မှုအသစ်တွေ လိုချင်လို့ လီဗာပူးအသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ ” လီဗာပူး ကစား သမားအဖြစ် ဆက်မရှိနိုင်တော့ဘူးဆိုတာ ထူးဆန်းပါတယ် ၊ ဒါက တကယ့်ကို ထူးဆန်းလွန်းနေတယ်ဆိုတာ သိသာပါတယ် ၊ ဒါပေမယ့် ကျွန်တော့်မှာ အကောင်းမွန်ဆုံး အချိန်တစ်ခု ၊ မယုံနိုင်လောက်စရာ အခိုက်အတန့်တစ်ခု ရှိခဲ့ပါတယ်၊ ကျွန်တော်တို့ အများကြီး အောင်မြင်မှုတွေ ရခဲ့ပါတယ် ”

” ကျွန်တော့်ဘဝမှာ အမြဲတမ်း စိန်ခေါ်မှုတစ်ခု ရှိပါတယ် ၊ အဲ့ဒီစိန်ခေါ်မှု ရောက်လာချိန်မှာ ကျွန်တော် အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုခဲ့ပါတယ်၊ ကျွန်တော် စိန်ခေါ်မှုအသစ်တွေ မြင်ရဖို့ နောက်ထပ်နေရာသစ်တစ်ခုကို သွားချင်ပါတယ် ၊ ဒါဟာ တခြားဘာမှ မဟုတ်ပါဘူး၊ စိန်ခေါ်မှုတစ်ခုအနေနဲ့ အမြဲတမ်း ပိုကောင်းလာဖို့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ချင်တာပါ ” လို့ မာနေးက ပြောကြားခဲ့ပါတယ်။

Photo : The Sun

အဲ့ဒီနောက်မှာ မာနေး ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေ မစတင်ခင် ပယ်မာ ဒီ မာယော့ကာမြို့မှာ အပန်းဖြေရင်း အင်္ကျီမပါပဲ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေတာကို မြင်တွေ့ရပါတယ်။ မာနေး ဟာ ပေါ့ပါးသွက်လက်တဲ့ လေ့ကျင့်ခန်းတွေ အပါအဝင် ဘောလုံးနဲ့ ပတ်သက်တဲ့ လေ့ကျင့်မှုများစွာကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ လာမယ့် ဇူလိုင်လထဲမှာတော့ မာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ အမေရိကန်နိုင်ငံမှာ ရာသီကြိုခြေစမ်းပွဲ ၂ ပွဲ သွားရောက်ကစားရဖို့ ရှိပါတယ်။

Featured Photo : SPORTbible