ဆွဲဆောင်မှုရှိတဲ့ ဘီးကျဲ တစ်ဗွေအဖြစ် အသွင် ပြောင်းချင်ပါသလား။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ဖက်ရှင်ကို သေချာ ဂရုစိုက်ဖို့ လိုအပ်လာပါပြီ။ အဝတ်အစားများ ရွေးချယ်တဲ့အခါ ကိုယ်နဲ့ လိုက်ဖက်ပြီး ဆွဲဆောင်မှု တိုးစေမယ့် အဝတ်အစားများကို သေချာရွေးချယ်သင့်ပါတယ်။ ဒါမှသာလျှင် ကွီးတို့ကို စကီလေးတွေက သမင်လည်ပြန်ငေးကြမှာပါ။

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဘီးကျဲ တစ်ဗွေအဖြစ် အသွင် ပြောင်းချင်တယ်ဆိုရင်တော့ အခုဖော်ပြမယ့် အချက်များကို လိုက်နာသင့်ပါတယ်။

ကိုယ့်ရဲ့ ဆံပင်စတိုင်လ်ကို သေချာဂရုစိုက်ပါ

ဆံပင်စတိုင်လ်

ကိုယ့်ရဲ့ မျက်နှာကျနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်က ကွီးတို့ရဲ့ ဆွဲဆောင်မှုကို ပိုတိုးသွားစေပါတယ်။ ဒါ့ကြောင့် ဆံပင်ကေ အသစ်ပြောင်းတော့မယ်ဆိုရင် တွေ့ကရာဆိုင်မှာ သွားညှပ်တာထက် ကိုယ့်အကြောင်းကို သေချာသိပြီး ကိုယ်ကိုယ်တိုင် စိတ်တိုင်းကျတဲ့ ဆံသဆရာဆီမှာ သွားညှပ်ကာ ဒီဇိုင်း ပြောင်းသင့်ပါတယ်။​ နို့မဟုတ်ရင်တော့ ကွီးတို့က ဆံပင်ညှပ်လာတဲ့အချိန် ၃ လ၊ ၄ လ ကြာတဲ့အထိ ပုံမကျတဲ့ ဆံပင်စတိုင်လ်ကြီးကို ကြည့်ပြီး စိတ်ဆင်းရဲနေရမှာ အမှန်ပါပဲ။

နေကာမျက်မှန်နဲ့ ရှိုးထုတ်ဖို့ မမေ့ပါနဲ့

ဘီးကျဲ အသွင်

နေကာမျက်မှန်တွေကလည်း ခေတ်သစ်အမျိုးသားတိုင်းရဲ့ အဝတ်ဗီရိုထဲမှာ မပါမဖြစ် ရှိသင့်တဲ့ အသုံးအဆောင်တစ်ခုအဖြစ် ပါဝင်နေပါတယ်။ စတိုင်လောက်တင် ပံ့ပိုးပေးတာ မဟုတ်ဘဲ နေပူထဲ သွားမယ့်သူတွေအတွက်လည်း မျက်လုံးကျန်းမာရေးကို အပြည့်အဝကာကွယ်ပေးနိုင်လို့ ဖက်ရှင်အမြင်အရရော ကျန်းမာရေးအမြင်အရပါ မဖြစ်မနေ ပိုင်ဆိုင်သင့်တဲ့ ဖက်ရှင်ပစ္စည်းတစ်ခုလို့ ပြောချင်ပါတယ်။

ကိုယ့်ရဲ့ အဝတ်အစားများက သပ်ရပ်သန့်ရှင်းနေအောင် ဂရုစိုက်ပါ

ဘီးကျဲ အသွင်

မနေ့တနေ့က ဝတ်ထားတဲ့ အဝတ်ကို ကောက်ဝတ်ပြီး အပြင်ထွက်လာတာမျိုး၊ ဒါမှမဟုတ် လျှော်တော့ လျှော်ထားပါရဲ့ မီးပူမတိုက်ထားရသေးတဲ့ တွန့်ကြေနေတဲ့ အဝတ်အစားများ ဝတ်ကာ အပြင်ထွက်ခြင်းက ကွီးတို့ရဲ့ ဖက်ရှင်ကို ကြည့်ရဆိုးစေပါတယ်။ ဖက်ရှင်ကျဖို့ဆိုပြီး ဈေးခေါင်ခိုက်နေအောင် ကြီးတဲ့ ဘရန်းဒက် တံဆိပ်တွေ ဝယ်စရာမလိုပါဘူး။ သပ်သပ်ရပ်ရပ်နဲ့ သန့်ရှင်းနေတဲ့ အဝတ်အစားများကလည်း ကွီးတို့ရဲ့ ဖက်ရှင်ကို ဆွဲဆောင်မှု တိုးသွားစေမှာ အမှန်ပါပဲ။

ဘလေဇာ ကုတ်အင်္ကျီများလည်း လိုအပ်ပါက ဝတ်ဆင်ပါ

ဘီးကျဲ အသွင်

ကျနော်တို့ နိုင်ငံရဲ့ ရာသီဥတုက ပူအိုက်တဲ့ ရာသီဥတုဆိုတော့ ကုတ်အင်္ကျီ တစ်ထပ် ထပ်ဝတ်ဆင်ဖို့ကို ဝန်လေး တတ်ကြပါတယ်။ ဒါပေမဲ့ ကွီးတို့က ဖက်ရှင်ကျတဲ့ ဘီးကျဲ တစ်ဗွေအဖြစ် အသွင် ပြောင်းချင်တယ်ဆိုရင်တော့ ဘလေဇာ ကုတ်အင်္ကျီများလည်း လိုအပ်ရင် ဝတ်ဆင်ရပါမယ်။ ဘလေဇာ ကုတ်အင်္ကျီ ရွေးချယ်တဲ့အခါမှာလည်း ကိုယ့်ရဲ့ အောက်က ရှပ်အင်္ကျီအရောင်၊ ဘောင်းဘီအရောင်တို့နဲ့ လိုက်ဖက်တဲ့အရောင်ကို ရွေးချယ်ရမှာဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ ကွီးတို့ရဲ့ ဖက်ရှင်ကို ကမ္ဘာကျော် ဟောလိဝုဒ် မင်းသားတစ်ယောက်အသွင် ပြောင်းလဲပစ်နိုင်ပါလိမ့်မယ်။

Source: Fashionbeans

Featured Image: Instyle