ဘူတန်ကလပ် ဒါရွတ် လာရှ်ယူးအသင်းရဲ့ မြန်မာ တိုက်စစ် ကစားသမား အောင်ကျော်နိုင်ဟာ ဒီရာသီ ဘူတန် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသလျက် ရှိနေပြီး အခုဆိုရင် လိဂ်ဂိုး (၁၁)ဂိုးအထိ သွင်းယူထားရင်း ဘူတန် ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာပါ တတိယနေရာကနေ ရပ်တည်လို့နေပါတယ်။
Photo Credit : Druk Lhayul FC Facebook
ဘူတန်ကလပ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ပထမဆုံး မြန်မာ ကစားသမားတစ်ဦးဖြစ်တဲ့ တိုက်စစ် နဲ့ တောင်ပံ ကစားသမား အောင်ကျော်နိုင်ဟာ လက်ရှိမှာ အသက် (၂၈)နှစ်အရွယ် ရှိနေပြီဖြစ်ပြီး ကစားသမားဘဝကို နေပြည်တော်အသင်းမှာ စတင်ခဲ့ပါတယ်။ နေပြည်တော် ဧရာဝတီတို့မှာ ကစားခဲ့ပြီးနောက် စင်္ကာပူကလပ် Balestier Khalsa မှာပါ ပါဝင်ခဲ့ပါသေးတယ်။ ရန်ကုန် ယူနိုက်တက်မှာပါ (၂)နှစ်ကြာအောင် ကစားပြီးတဲ့နောက် ထိုင်းကလပ်တွေမှာ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းရင်း ၂၀၂၃ခုနှစ်မှာပဲ ဘူတန်ကလပ် ဒါရွတ် လာရှ်ယူးအသင်းဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။
Photo Credit : Druk Lhayul FC Facebook
ဒါရွတ် လာရှ်ယူးအသင်းမှာ ကျောနံပါတ် (၁၀)ကို ဝတ်ဆင်ထားတဲ့ အော်ကျော်နိုင်ဟာ သူ့အသင်းအတွက် (၉)ပွဲ ကစားထားပြီးချိန် သွင်းဂိုး (၁၁)ဂိုးအထိတောင် သွင်းယူပေးထားနိုင်ခဲ့ပြီး ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကိုပါ (၃)ကြိမ်အထိ ပိုင်ဆိုင်ထားခဲ့ပါသေးတယ်။ အောင်ကျော်နိုင်ရဲ့ကလပ်အသင်း ဒါရွတ် လာရှ်ယူးအသင်းဟာလည်း ဘူတန် ပရီးမီးယားလိဂ်မှာ အဆင့် (၅)နေရာမှာ ရပ်တည်လျက် ရှိနေပြီး ထိပ်ဆုံးနေရာက ပါရိုအသင်းနဲ့ တစ်ပွဲပို ကစားထားကာ (၁၁)မှတ်အထိတောင် ကွာဟလျက် ရှိနေပါတယ်။
Photo Credit : Druk Lhayul FC Facebook
ရန်ကုန်တိုင်း သုံးခွဇာတိသားဖြစ်တဲ့ အောင်ကျော်နိုင်ဟာ အရပ်အမောင်း သိပ်မကောင်းလှတဲ့ ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း မြန်မာ့လက်ရွေးစင်အသင်းအတွက် (၄)ပွဲထိ ပါဝင်ကစားထားဖူးသလို ၂၀၁၃ခုနှစ်တုန်းက MFF Young Player of the Year အကောင်းဆုံး လူငယ်ကစားသမားဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ဖူးပါတယ်။
Featured Photo :BOB Premier League Facebook