နယူးကာဆယ် အသင်းဟာ လိုင်လီနောက်ခံလူ ဆဗန် ဘော့မန်း ကို ပေါင် ၃၂ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် နယ်သာလန်လက်ရွေးစင် ဗဟိုခံစစ်မှူးဟာ စိန့်ဂျိန်းပတ်မှာ ဆေးစစ်မှုအောင်မြင်ခဲ့ပြီးနောက် နယူးကာဆယ်အသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။


Photo : Daily Mail

နယူးကာဆယ်အသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ ” အပြောင်းအရွေ့ကို ယခုတစ်ပတ်ထဲမှာ အပြီးသတ်ဖို့ စီစဉ်ထားတယ်”လို့ ပြောကြားခဲ့ပြီး နယ်သာလန်ကြယ်ပွင့်ဟာ နယူးကာဆယ်ကစားသမားသစ် ဖြစ်လာပြီဖြစ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။

နယူးကာဆယ်အသင်းဟာ ဘော့မန်းကို ခေါ်ယူဖို့ ကာလကြာရှည်ကြိုးပမ်းခဲ့တာဖြစ်ပြီး စီးရီးအေချန်ပီယံ အေစီမီလန်အသင်းကလည်း နယူးကာဆယ်နဲ့အပြိုင်ခေါ်ယူနိုင်ဖို့ အပြင်းအထန်ချိတ်ဆက်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းမှာ ဘော့မန်းဟာ အေစီမီလန်အသင်းကို ပြောင်းရွေ့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် နယူးကာဆယ်အသင်းရဲ့ မြင့်မားလှတဲ့ ပြောင်းရွေ့ကြေး ကမ်းလှမ်းမှုနဲ့အတူ အေစီမီလန်ကိုကျော်ဖြတ်ကာ ဘော့မန်းကိုခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

Photo : Daily Mail

နယူးကာဆယ်အသင်းဟာ အခုလအစောပိုင်းမှာ အက်စတွန်ဗီလာကနေ အငှားလာရောက် ကစားနေတဲ့ ဘယ်နောက်ခံလူ တားဂတ်ကို ၄ နှစ်စာချုပ်နဲ့ အပြီးသတ် ခေါ်ယူခဲ့သလို ဘန်လေအသင်းရဲ့ အင်္ဂလန်လက်ရွေးစင် ဂိုးသမားနစ်ပုပ်ကိုလည်း အလားတူ ၄ နှစ်စာချုပ်နဲ့ ခေါ်ယူထားနိုင်ခဲ့ပါတယ်။ ဆဗန် ဘော့မန်းဟာ တားဂတ်နဲ့ နစ်ပုပ်တို့ပြီးနောက် နယူးကာဆယ်အသင်းရဲ့ တတိမြောက်ခေါ်ယူတဲ့ ကစားသမားဖြစ်လာခဲ့ပြီး နယူးကာဆယ်အနေနဲ့ အသင်းရဲ့ အင်အားထပ်မံဖြည့်တင်းဖို့အတွက် နောက်ထပ်ကစားသမားအသစ်တွေ ခေါ်ယူသွားဖို့လည်း ရှိနေပါတယ်။

Featured Photo : Daily Mail