လူတစ်ယောက်ရဲ့ဘဝမှာ သူငယ်ချင်း တွေက အရေးအပါဆုံး သူတွေပဲ မဟုတ်လား။ သူငယ်ချင်းဆိုတာ မိဘဆွေမျိုး ညီအစ်ကိုမောင်နှမတွေပြီးရင် အရင်းနှီးဆုံး ဒုတိယ မိသားစုလို့ ပြောရင်မမှားနိုင်ပါဘူး။ ကျွန်တော်တို့ ကလေးဘဝက စပြီး ကျောင်းတက် ဘွဲ့ရ လုပ်ငန်းခွင်တွေ ဝင်ကြတဲ့အထိ သူငယ်ချင်း မိတ်ဆွေတွေ အများကြီး ကြုံခဲ့ဆုံခဲ့ ကြရပါတယ်။ သူငယ်ချင်းတွေ ဘယ်လောက်ပဲများပါစေ ကိုယ့်အပေါ်ကောင်းတဲ့ သူငယ်ချင်းကောင်း မိတ်ဆွေကောင်း တစ်ယောက်ရဖို့တော့ တကယ်ကို မလွယ်ပါဘူး။ ဘဝမှာ သူငယ်ချင်းတွေ အများကြီးရှိဖို့ထက် သူငယ် ချင်းကောင်းတစ်ယောက် ရှိရင်ပဲ လုံလောက်ပြီလို့ ပြောနိုင်ပါတယ်။ ကွီးတို့နဲ့ ရင်ဘတ်ချင်းနီးတဲ့ တကယ့် ဘော်ဒါကောင်း ၊ သူငယ်ချင်း စစ်စစ် တစ်ယောက် ရှိပြီဆိုရင်တော့ အခုပြောပြမယ့် ကောင်းကျိုးတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

(၁) အထီးကျန်ခြင်း ကင်းစေတယ်

Photo : Real Recovery Sober Living

ယနေ့ခေတ် လူအများစု ကြုံနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုက အထီးကျန်ခြင်း ပါပဲ။ အထီးကျန်ခြင်းက စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ သုခချမ်းသာကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ သူငယ်ချင်းကောင်းတစ်ယောက် ပိုင်ဆိုင်ထားသူတွေဟာ အထီးကျန်ခြင်း ဝေဒနာ ခံစားရနိုင်ခြေ နည်းတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ” Lonely In A Crowd ” ဆိုတဲ့ စကားအတိုင်း သူငယ်ချင်းတွေ ဘယ်လောက်များများ ရှိနေပါစေ ကိုယ်အပေါ်မကောင်းတဲ့ သူတွေချည်းပဲ ဖြစ်နေမယ်ဆိုပါက အထီးကျန်မှုက ခံစားရဆဲ ဖြစ်နေမှာပါ။ ကွီးတို့နဲ့ ရင်ဘတ်ချင်း ထပ်တူကျပြီး စကားပြောဖို့ ၊ ဟာသတွေလုပ်ဖို့ ၊ အချိန်ဖြုန်းဖို့အတွက် သူငယ်ချင်းကောင်းတစ်ယောက် ရှိထားမယ်ဆိုရင်တော့ အထီးကျန်တဲ့ ခံစားချက်တွေလည်း ရှိလာနိုင်မှာ မဟုတ်ပါဘူး။

(၂) စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ကောင်းတွေ ရနိုင်တယ်

Photo : USA Today

စစ်မှန်တဲ့ သူငယ်ချင်း ဆက်ဆံရေးရဲ့ ကောင်းကျိုးတစ်ခုကတော့ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ကောင်းတွေ ရနိုင်တာပဲ ဖြစ်ပါတယ်။ သူငယ်ချင်းကောင်း ဘော်ဒါကောင်း တွေက အကောင်းဆုံး ရင်ဖွင့်ဖော် ရင်ဖွင့်ဖက် ၊ တိုင်ပင်ဖော် တိုင်ပင်ဖက်တွေဖြစ်သလို ကိုယ့်ရဲ့ ပြဿနာတွေ ၊ ရင်တွင်း ခံစားချက်တွေကို စိတ်ရင်းနဲ့ နားထောင်ပေးပြီး အကြံဉာဏ်ကောင်းတွေ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီတွေ များစွာ ပေးနိုင်သူတွေပဲ ဖြစ်ပါတယ်။ ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲ ပြဿနာတွေ ၊ အဆင်မပြေမှုတွေနဲ့ ဖိအားတွေကို အကောင်းဆုံး နားလည် နှစ်သိမ့်ဆွေးနွေးရင်း Emotional Support ပေးနိုင်တာ စစ်မှန်တွေ သူငယ်ချင်းကောင်းတွေပဲ မဟုတ်လား။

(၃) အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်စေတယ်

Photo : The Good Men Project

ဘဝမှာ အပြုသဘောဆောင်တဲ့ ကောင်းသော အပြောင်းအလဲတွေအတွက် ကောင်းမွန်တဲ့အလေ့အကျင့်တွေကို လုပ်ဆောင်ဖို့ ၊ ကွီးတို့ရဲ့ စိတ်ပိုင်းဖြတ်မှုကို ကြာရှည်ထိန်းသိမ်းနိုင်ဖို့ ဘော်ဒါကောင်းတွေက အမြဲ ကူညီပေးနိုင်ပါတယ်။ ဘော်ဒါကောင်းတွေဆိုတာက တစ်ယောက်ကို တစ်ယောက် အမြဲကူညီဖေးမပေးလေ့ရှိပြီး ကွီးတို့ကို ပိုကောင်းတဲ့ ပြောင်းလဲမှုတွေနဲ့ ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်လာဖို့ ဘေးနားကနေ အမြဲ ကူညီဆောင်မပေးနေမှာ ဖြစ်ပါတယ်။ ကိုယ့်ဘက်က အမြဲရပ်တည်ပေးတက်ကြသလို ကိုယ် ဘာပဲလုပ်လုပ် အမြဲအားပေး ထောက်ခံလေ့ရှိတာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း တိုးစေပြီး ဘဝအတွက် ရည်မှန်းချက်တွေ ပြည့်မြောက်အောင်မြင်ဖို့ ခွန်အားတွေ ရစေမှာ ဖြစ်ပါတယ်။

(၄) မျှဝေခံစားနိုင်တယ်

Photo : The Healthy

သူငယ်ချင်းကောင်း ဘော်ဒါကောင်း တွေဆိုတာက ကိုယ့်ရဲ့တောက်ပနေချိန်တွေမှာ သာမက ခက်ခဲတဲ့အချိန်တွေမှာလည်း ဝေမျှခံစားပေးဖို့ အမြဲအဆင်သင့် ရှိနေပါတယ်။ အောင်မြင်မှု ကျရှုံးမှုတွေဟာ သူငယ်ချင်း ဆက်ဆံရေးအပေါ် ဘာမှ ပြောင်းလဲသွားနိုင်မှာ မဟုတ်ပါဘူး။ ကွီးတို့ အောင်မြင်ရင် လက်ခုတ်တီးပေးဖို့ ဝန်လေးမတက်သလို အခက်အခဲတွေနဲ့ ကျရှုံးနေချိန်မှာ ရင်ဘတ်ချင်း မျှဝေခံစားဖို့ကိုလည်း တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။ ကောင်းအတူတူ ဆိုးအတူတူ ဆိုတဲ့ မျှဝေခံစားနိုင်ခြင်းဟာ စစ်မှန်တဲ့ ဘော်ဒါကောင်းတွေမှာသာ ရနိုင်တာ ဖြစ်ပါတယ်။

(၅) ဆုံးဖြတ်ချက်တွေ ချရာမှာ ကူညီပေးတယ်

Photo : Men’s Group

ဘဝမှာ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချရမယ့် အခြေအနေတွေ ဆိုတာ တစ်ချိန်မဟုတ် တစ်ချိန် ကြုံလာတက်တာပဲ မဟုတ်လား။ သံသယစိတ်တွေနဲ့ ရှေ့တိုးရခက် နောက်ဆုတ်ရခက်တဲ့ အတွေးကြပ်နေတဲ့ အချိန်မျိုးမှာ မှန်ကန်တဲ့ ရွေးချယ်မှု ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်ဖို့ သူငယ်ချင်းကောင်းတွေရဲ့ ကူညီက အများကြီး အထောက်အပံ့ ဖြစ်စေပါတယ်။ သူငယ်ချင်းကောင်း တစ်ယောက်ရဲ့ အကြံဉာဏ်တွေဟာ ကိုယ့်အတွက် ၁၀၀ ရာခိုင်နှုန်း မမှန်နိုင်ရင်တောင်မှ ဆုံးဖြတ်ချက်ကောင်းတစ်ခု ချနိုင်ဖို့ ကောင်းမွန်မှန်ကန်တဲ့ အတွေးအခေါ်တွေကို လမ်းပြပေးနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : The Healthy