ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ် မော်ရစ်စီယို ပိုချက်တီနိုက အသင်းဟောင်း စပါးကို ကိုင်တွယ်ခဲ့စဉ် ဟယ်ရီ မက်ဂွိုင်းယားကို သဘောကျခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီတုန်းကတော့ မောင်ဂေါင်းကြီးက လက်စတာမှာပဲ ရှိနေပါသေးတယ်။ အခုတော့ ဂေါင်းကြီးက မန်ချက်စတာ ယူနိုက်တက်မှာ ချောင်ထိုးခံ အသင်းခေါင်းဆောင် အဖြစ်ပါ ဖယ်ရှားခံ ဖြစ်နေချိန် ပိုချက်က သူရဲ့ ချယ်လ်ဆီးအသင်းဆီများ ခေါ်ဆောင်လေမလားဆိုတာ စိတ်ဝင်စားစရာပါ။

poche maguire

Photo Credit : The Sun

တကယ်ဆို နည်းပြ ပိုချက်တီနိုရဲ့ ချယ်လ်ဆီးအသင်း ဗဟို ခံစစ် နေရာမှာ သီယာဂို ဆေးလ်ဗား ၊ ဘာဒီအက်ရှီလီ ၊ ဝက်စလေ ဖိုဖားနား ၊ ချာလိုဘာ နဲ့ ဘရိုက်တန်ကနေ အငှားပြည့်လို့ ပြန်ရောက်လာတဲ့ လီဗိုင်း ကော့ဝဲလ်တို့လည်း ရှိနေတာမို့ ဒီအစုအဖွဲ့နဲ့ လုံလောက်နေတာဖြစ်လို့ မက်ဂွိုင်းယားကို မလိုအပ်ဘူးလို့ ဆိုနိုင်ပေမယ့် အခု ဖိုဖားနားက ဒူးအရွတ်ကြော စုတ်ပြဲဒဏ်ရာနဲ့ ကာလရှည် အနားယူရဦးမှာမို့ ပိုချက်တီနိုအနေနဲ့ ဂေါင်းကြီးကို ခေါ်ယူပေးဖို့များ ဘိုလီတို့ကို ပူဆာတော့မလား ဆိုတာ စောင့်ကြည့်ရပါတော့မယ်။

maguire vs cfc

Photo Credit : Sports Illustrated

မက်ဂွိုင်းယားကလည်း ဒီရက်ပိုင်းထဲမှာ ယူနိုက်တက် အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားခံထားရတယ်။ ပြီးခဲ့တဲ့ရာသီက နည်းပြ တန်ဟက်ဂ် အသင်းဆီ ရောက်လာချိန် မက်ဂွိုင်းယားရဲ့ ပွဲထွက်ခွင့်တွေ နည်းပါးလာရပြီး အရန်ခုံမှာ ထိုင်နေရသလို အခုလည်း တန်ဟက်ဂ်က မက်ဂွိုင်းယားကို အသင်းခေါင်းဆောင် ရာထူးကို ဖယ်ရှားပလိုက်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ ကစားသမားဟောင်းကြီး ခံစစ်မှူး ဂျွန်နီ အီဗန်စ်ကိုလည်း ကာလတို စာချုပ်နဲ့ ခေါ်ယူထားလိုက်ပါသေးတယ်။ ဒါတွေက မက်ဂွိုင်းယားကို သေချာပေါက် စိတ်ထိခိုက်နေစေမှာ ဖြစ်ပြီး မက်ဂွိုင်းယားအနေနဲ့လည်း လာမယ့် ယူရို-၂၀၂၄မှာ အင်္ဂလန် လူစာရင်းထဲ ပါဝင်နိုင်ဖို့က သူ့အနေနဲ့ ကလပ်အသင်းတွင် ပုံမှန် ကစားခွင့်ရဖို့က လိုအပ်နေတာကို ထည့်တွေးရပါလိမ့်မယ်။

maguire

Photo Credit : Clutch Points

ဒီအချိန်မှာ မက်ဂွိုင်းယား ခေါ် ဂေါင်းကြီးကို ဝက်စ်ဟမ်းအသင်းကနေ အငှား ကမ်းလှမ်းမှု စတင် ပြုလုပ်လာခဲ့ပေမယ့်လည်း ယူနိုက်တက်ကတော့ ပယ်ချခဲ့တယ်။ သူတို့က မက်ဂွိုင်ယားအတွက် ပေါင် သန်း (၅၀)လောက်အထိ လိုချင်နေကြတယ်။ ဒီဈေးမျိုးနဲ့လည်း ဘယ်အသင်းကမှ မကမ်းလှမ်းချင်ပဲ ဖြစ်နေတာမို့ ယူနိုက်တက်က မက်ဂွိုင်းယားအတွက် asking price ကို လျော့ပေးရဖွယ် ရှိနေပြီး ချယ်လ်ဆီး အပါအဝင် အခြားသော ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေ ရှိသေးဦးမလား ဆိုတာလည်း စောင့်ကြည့်သွားရပါမယ်။

Featured Photo : Clutch Points