လက်ရှိ ကမ္ဘာ့ဘောလုံးလောကရဲ့ GOAT ကြီးတစ်ဦးဖြစ်တဲ့ လီယွန်နယ် မက်ဆီကို အရ ခေါ်ယူနိုင်ခဲ့တဲ့ အမေရိကန် မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီ အသင်းဟာ အဲ့ဒီနောက်ကတည်းက ဆာဂျီယို ဘူးစကွက်စ် ၊ ယော်ဒီ အယ်လ်ဘာ နဲ့ လူးဝစ် ဆွာရက်ဇ်တို့လို မက်ဆီရဲ့ အသင်းဖော်ဟောင်း ကစားသမားကြီးတွေကို ဆက်လက် ခေါ်ယူအားဖြည့် နိုင်ခဲ့ရပါတယ်။
Photo Credit: Marca
ဒီလို မက်ဆီရဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်း ဘိုးတော်ကြီးတွေကို ခေါ်ယူနေတဲ့ အသင်းဖြစ်လို့ အင်တာ မိုင်ယာမီကို ဘာကာ မိုင်ယာမီ လို့တောင် လှောင်ပြောင် ခေါ်ဆိုနေကြပေမယ့် အခုအချိန်မှာတော့ ဘာကာ ကစားသမားဟောင်း မဟုတ်ပဲ မက်ဆီရဲ့ အာဂျင်တီးနား အသင်းဖော် ဘော်ဒါကြီးဖြစ်တဲ့ အိန်ဂျယ် ဒီမာရီယာကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာက ထူးခြားမှု ဖြစ်လာမယ်လို့ ယူဆရပါမယ်။
Photo Credit: Stretty News
လက်ရှိမှာ အသက် (၃၆)နှစ်အရွယ်တောင် ရှိလို့နေပြီဖြစ်တဲ့ ဝါရင့် တောင်ပံကစားသမားကြီး ဒီမာရီယာက အခု သူ့အသင်းဟောင်း ဘင်ဖီကာအသင်းအတွက် ပါဝင်ကစားနေရင်း သူရဲ့ စွမ်းဆောင်မှုတွေက အံ့အားသင့်စရာ ကောင်းလောက်အောင် ကောင်းမွန်လို့နေပြီး ပြိုင်ပွဲစုံ (၄၆)ပွဲကစား (၁၆)ဂိုးသွင်း (၁၅)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ တောင်ပံနှစ်ဖက်လုံးမှာ လိုက်ပါကစားနိုင်တဲ့ ဒီမာရီယာဟာ ဒီရာသီအကုန်မှာ ဘင်ဖီကာနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးမှာဖြစ်ပြီး နောက်ထပ် သူ့အသင်းဟောင်း ရိုဆာရီယိုကို ပြန်သွားဖို့ စီစဉ်ထားပေမယ့် အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေထိ ရလာခဲ့လို့ အသင်းဟောင်းဆီ ပြန်ဖို့က ဖြစ်နိုင်ခြေ မရှိသလောက် ဖြစ်သွားခဲ့ပါတယ်။
Photo Credit: Clutch Points
ဒီလို အခြေအနေမှာ နာမည်ကျော် ဘောလုံးသမားဟောင်းကြီး ဒေးဗစ် ဘက်ခမ်းက ဒီမာရီယာလို ကမ္ဘာ့ချန်ပီယံ အတွေ့အကြုံရင့် ကစားသမားကြီးကို အင်တာ မိုင်ယာမီ အသင်းဆီကို ခေါ်ဆောင်နိုင်ဖို့အတွက် ကြိုးပမ်းဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တကယ်လို့ ဒီမာရီယာသာ မိုင်ယာမီဆီကို ရောက်လာမယ်ဆိုရင်တော့ မိုင်ယာမီ တိုက်စစ်က မက်ဆီ ဆွာရက်ဇ် ဒီမာရီယာတို့ အစုအဖွဲ့နဲ့ လုံးဝ ဖလန်းဖလန်းထလာမှာ သေချာနေပါတယ်။
Featured Photo: Goal