၂၀၂၃ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို ဒီနေ့ မနက်အစောပိုင်းမှာပဲ ချီးမြှင့်ခဲ့ရာ ကြိုတင် ရေပန်းစားနေတဲ့အတိုင်း ဘောလုံးလောကရဲ့ GOAT ကြီး ကမ္ဘာ့ချန်ပီယံ လီယွန်နယ် မက်ဆီကပဲ Ballon d’Or ဆုကို (၈)ကြိမ်မြောက်အဖြစ် ရရှိ ပိုင်ဆိုင်သွားခဲ့ရပါတယ်။

leo messi 8th times ballon d'or winner

Photo Credit : ESPN

ဒီဆုကို ပြီးခဲ့တဲ့ ၂၀၂၂ သြဂုတ်လကနေ ၂၀၂၃ ဇူလိုင်လအထိ ပုံမှန် ဘောလုံးရာသီ တစ်ရာသီအတွင်း အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားကို ရွေးချယ်ပြီး ချီးမြှင့်ခဲ့ရာ မနှစ်က ဘောလုံးရာသီမှာပဲ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကိုပါ ကျင်းပခဲ့သေးတာကြောင့် အဲ့ဒီ ကမ္ဘာ့ဖလားမှာ ချန်ပီယံ အာဂျင်တီးနားနဲ့အတူ ခြေစွမ်းပြသနိုင်ခဲ့တဲ့ မက်ဆီက တစ်ရာသီအတွင်း ဆုဖလား (၃)လုံး ရယူကာ ဂိုးတွေ လှိုင်လှိုင် သွင်းယူနိုင်ခဲ့တဲ့ ဟာလန်းထက် Ballon d’Or ကို ပိုင်ဆိုင်ဖို့ နီးစပ်ခဲ့ရတာ ဖြစ်ပါတယ်။

haaland guad muller award

Photo Credit : Goal

အခုလည်း မက်ဆီကပဲ Ballon d’Or ကို (၈)ကြိမ်မြောက်အဖြစ် ဆွတ်ခူးပြီး တစ်ရာသီအတွင်း (၅၂)ဂိုးအထိ သွင်းယူနိုင်သူ ဟာလန်းကတော့ ဂတ်မူလာဆုဖြစ်တဲ့ အကောင်းဆုံး တိုက်စစ်ကစားသမားဆုနဲ့သာ ကျေနပ်လိုက်ရပါတယ်။

awards winners

Photo Credit : Ballon d’Or X

ဆက်လက်ပြီး တခြားသော ဆုတွေကို ချီးမြှင့်ရာမှာတော့ ရီးယဲလ်မက်ဒရစ်အသင်းမှာ တောက်ပနေတဲ့ အင်္ဂလန် ကြယ်ပွင့်လေး ဘယ်လင်ဟမ်က အကောင်းဆုံး လူငယ်ကစားသမားဆု ၊ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားမှာ အံ့အားသင့်ဖွယ် လက်စွမ်းတွေ ပြသနိုင်ခဲ့တဲ့ မာတီနက်ဇ်က အကောင်းဆုံး ဂိုးသမားဆု ၊ လူမျိုးရေး ခွဲခြားခံရမှုတွေကို အကောင်းဆုံး တိုက်ထုတ်ပြီး ဘရာဇီးလ်မှာပါ ကလေးသူငယ်တွေ ပညာသင်ကြားခွင့်ရအောင် စွမ်းဆောင်ခဲ့တဲ့ ဗင်နီစီယပ်စ်က လူသားအကျိုးပြုဆု(ဆိုကရေးတစ်ဆု)တို့ကို ပိုင်ဆိုင်ခဲ့သလို စပိန် နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ကွင်းလယ်ကစားသမား ဘွန်မာတီကလည်း အမျိုးသမီး Ballon d’Or ဆုကို ဆွတ်ခူးခဲ့ပါတယ်။ ဒါ့အပြင် Treble Champion မန်စီးတီး နဲ့ ချန်ပီယံလိဂ် ချန်ပီယံ ဘာစီလိုနာ အမျိုသမီးအသင်းတို့ဟာလည်း တစ်နှစ်တာ အကောင်းဆုံး ကလပ်အသင်းတွေအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Featured Photo : The Independent