ညီအစ်ကိုတို့က တစ်ခုခုကို လုပ်ပြီး တစ်ဝက်လောက်မှာတင် လက်လျှော့ တတ်ပါသလား။ ဒါမှမဟုတ် လုပ်ဆောင်နေရင်း ပင်ပန်းတဲ့အခါ၊ အခက်အခဲတွေ ရင်ဆိုင်ရတဲ့အခါမှာ လွယ်လွယ်ကူကူပဲ အရှုံးပေးတတ်သလား။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ကြည့်ပါ။ ဒီလို မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူ လက်လျှော့တတ်ရင် ကိုယ်လုပ်ချင်တဲ့ အရာ၊ ကိုယ်ပိုင်ဆိုင်ချင်တဲ့ ပန်းတိုင်တွေ၊ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် တိုးတက်အောင်မြင်မှုဆိုတာလည်း ဝေးကွာသွားမှာပါ။ ဒီလို တိုးတက်မှုလည်းမရှိ၊ လိုချင်တာတွေလည်း ရယူနိုင်ခြင်းမရှိ၊ ပန်းတိုင်တွေဆီကိုလည်း မရောက်နိုင်ရင် ညီအစ်ကို မင်းက Loser ပါပဲ။

ဒီလို ဘဝမှာ အောင်မြင်တိုးတက်မှု မရှိဘဲ အရှုံးသမား (Loser) မဖြစ်ရလေ‌‌အာင် ဘယ်အရာကိုမဆို လုပ်ဆောင်ရာတွင် လွယ်လွယ်ကူကူ အရှုံးပေး လက်လျှော့တာမျိုး မလုပ်သင့်ပါဘူး။ ညီအစ်ကိုတို့ ဘာကြောင့်လွယ်လွယ်ကူကူ လက်မလျှော့သင့်တာလဲဆိုတာ ဒီဆောင်းပါးလေးမှာ လေ့လာကြည့်လိုက်ရအောင်ဗျာ။

ကိုယ်လိုချင်တာကို ရယူပိုင်ဆိုင်နိုင်ဖို့

မင်းက Loser

Photo : Bizna Kenya

လူတိုင်းလူတိုင်းက ရယူပိုင်ဆိုင်ချင်တဲ့ အရာတွေ ရှိနိုင်ပါတယ်။ ငွေကြေး၊ အောင်မြင်မှု၊ ထင်ပေါ်ကျော်ကြားမှု၊ အသိအမှတ်ပြုခံရမှု၊ အချစ် စတဲ့အရာတွေကို လူတွေက ပိုင်ဆိုင်ချင်ကြပြီး တစ်ယောက်နဲ့တစ်ယောက် ပြင်းပြင်းထန်ထန် ပိုင်ဆိုင်ချင်တဲ့ အရာတိုင်းက မတူညီပါဘူး။ ညီအစ်ကိုတို့လည်း ပိုင်ဆိုင်ချင်တဲ့ အရာတွေ ရှိမှာပါ။ ကိုယ်လိုချင်တဲ့ အရာကိုလည်း ပိုင်ဆိုင်ဖို့လည်း ကြိုးစားခဲ့ဖူးကြမှာပါ။ နောက်ဆုံးမှာ ကိုယ်လိုချင်တဲ့အရာကို ပိုင်ဆိုင်ခြင်း၊ မပိုင်ဆိုင်ခြင်းက အဆုံးထိ လက်မလျှော့ဘဲ တစိုက်မတ်မတ် လုပ်ဆောင်သွားခြင်းနဲ့ အရှုံးပေးလိုက်ခြင်းပေါ်မှာပဲ မူတည်ပါတယ်။ လွယ်လွယ်ကူကူ အရှုံးပေးတတ်သူတွေက ကိုယ်လိုချင်တဲ့အရာကို ကိုယ်တိုင်ပဲ လက်လွှတ်လိုက်ရတဲ့ အရှုံးသမားတွေပါ။

ကောင်းမွန်သော အရာတွေကို လွယ်လွယ်ကူကူမရနိုင်ပါဘူး

မင်းက Loser

Photo : Sticky Branding

အောင်မြင်မှု၊ တိုးတက်မှုစတဲ့ ကောင်းမွန်သော အရာတွေက နေ့ချင်းညချင်း ဖြစ်လာတာမဟုတ်ပါဘူး။ ကမ္ဘာ‌ပေါ်မှာ အောင်မြင်ကျော်ကြားတဲ့သူတွေကို ကြည့်လိုက်ပါ။ ထိုအောင်မြင်သူတိုင်းက ကြိုးစားအားထုတ်မှုတွေ၊ အချိန်တွေ၊ ကိုယ်အား၊ ဉာဏ်အား စတာတွေကို ရင်းနှီးမြှပ်နှံပြီးမှ နေရာတစ်ခုကို ရောက်ခဲ့ကြတာပါ။ ထိုသူတွေရဲ့ ဘဝမှာ အခက်အခဲတွေ၊ ကျရှုံးမှုတွေ ကြုံတွေ့ခဲ့ကြမှာ ကျိန်းသေပါတယ်။ ၎င်းတို့မှာ တူညီတဲ့ အချက်ကတော့ လွယ်လွယ်ကူကူ လက်လျှော့အရှုံးပေးခြင်း မရှိတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆုံး ရလဒ်အနေနဲ့ အောင်မြင်မှုဆိုတာကို ရယူပိုင်ဆိုင်နိုင်ခဲ့တာပါ။ ဒါကြောင့် ညီအစ်ကိုတို့လည်း ကိုယ့်ဘဝအတွက် အောင်မြင်မှု၊ တိုးတက်မှုစတာတွေ ပိုင်ဆိုင်ချင်ရင် လွယ်လွယ်ကူကူ လက်မလျှော့ပါနဲ့။

ကိုယ့်မှာ အစွမ်းအစရှိကြောင်း ယုံကြည်ပါ

မင်းက Loser

Photo : Franchising.com

တစ်ခုခုကို လုပ်ဆောင်နေရင်းနဲ့ မလုပ်နိုင်တော့ပါဘူးဆိုပြီး လွယ်လွယ်ကူကူ လက်လျှော့တာက ကိုယ့်ရဲ့ လုပ်နိုင်စွမ်းကို ကိုယ်မယုံကြည်လို့ပါ။ ကျွန်တော်တို့အားလုံးမှာ လိုချင်တဲ့အရာတွေကို အကောင်အထည်ဖော်ဖို့ အိပ်မက်တွေရှိကြပြီး အဲဒါတွေကိုပိုင်ဆိုင်ရယူဖို့ အစွမ်းအစ ရှိတယ်ဆိုတဲ့ ယုံကြည်မှု လိုပါတယ်။ အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး ကြိုးစားပြီး ကိုယ်လိုချင်တဲ့အရာတွေ၊ ပန်းတိုင်တွေဆီ ရောက်အောင်သွားပါ။ အောင်မြင်မှုဆိုတာ ခက်ခဲပြီး ရှည်လျားနိုင်သော်လည်း ကိုယ့်ရဲ့ အစွမ်းအစ၊ ကြိုးစားမှုနဲ့ ရယူပိုင်ဆိုင်နိုင်တဲ့ အခါမှာ အမှန်တကယ်ပင် ခမ်းနားလှပါတယ်။ ဒ့ါကြောင့် ဘယ်တော့မှ လက်မလျှော့ပါနဲ့။

ပိုကောင်းတဲ့ အနာဂတ်က ‌စောင့်ကြိုနေမှာပါ

Photo : Liputan6.com

ကိုယ့်ရဲ့ လက်ရှိအနေအထားက အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ၊ မျှော်လင့်သလို ဖြစ်မလာတာ၊ ရှေ့ဆက်လျှောက်ဖို့ ပင်ပန်းနေတာ စတဲ့ အကြောင်းကြောင်းတို့ကြောင့် လက်လျှော့ချင်စိတ်တွေ ရှိနိုင်ပါတယ်။ ဘဝမှာ လက်လျှော့ချင်စိတ်တွေ၊ အရှုံးပေးချင်စိတ်တွေ လူတော်တော်များများ ဖြစ်ဖူးကြမှာပါ။ အဓိကကတော့ လွယ်လွယ်ကူကူ လက်မလျှော့ဖို့နဲ့ ရှေ့ဆက်လျှောက်ဖို့ပါပဲ။ ဘယ်အရာကိုမဆို လွယ်လွယ်ကူကူ လက်မလျှော့ဘဲ တစိုက်မတ်မတ်နဲ့ ကြိုးစားလျှောက်သူများအတွက် ပိုကောင်းတဲ့ အနာဂတ်က စောင့်ကြိုနေမှာ အသေအချာပါပဲ။

ညီအစ်ကိုတို့ရေ ကိုယ့်ရဲ့ အနာဂတ် အောင်မြင်မှု၊ စိတ်ကူးအိမ်မက်တွေ၊ တိုးတက်မှုတွေ စတာတွေအပြင် ကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ ကိုယ်လိုချင်တဲ့ အရာကို ပိုင်ဆိုင်နိုင်ခြင်းက ဘဝရဲ့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပါ။ လွယ်လွယ်ကူကူ လက်လျှော့ အရှုံးပေးတတ်ရင်တော့ မင်းက Loser ဖြစ်လာနိုင်တယ်ဆိုတာ လုံးဝမမေ့ပါနဲ့။

Featured Photo : Gibson Insurance