လိင်ဆက်ဆံနေစဉ်မှာ ကွန်ဒုံး ပေါက်ပြဲတာ ၊ ကွန်ဒုံး ကွဲထွက်တာတွေ ဖြစ်နိုင်ပါသလား? ဒီမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ ဖြစ်နိုင်တယ်လို့ ပြောလို့ ရပါတယ်။ ပုံမှန်အားဖြင့် ဖြစ်လေ့ဖြစ်ထ နည်းတယ်ဆိုပေမယ့်လည်း တစ်ခါတစ်ရံမှာ မတော်တဆ ဖြစ်နိုင်တဲ့ အခြေအနေပါ။ အတူနေစဉ်အတွင်းမှာ ကွန်ဒုံးပေါက်ပြဲတာကို သတိပြုနိုင်ဖို့က အနည်းငယ် ခက်ပေမယ့် ကိစ္စပြီးချိန်မှာ သုတ်ရည်ယိုစိမ့်တာ ဒါမှမဟုတ် ဆက်ဆံနေစဉ်မှာ ကွန်ဒုံးပေါက်ပြဲတာကို ခံစားမိတာ စတဲ့ အခြေအနေတွေ ကြုံလာတယ်ဆိုရင်တော့ အရင်ဆုံး ထိတ်လန့်မသွားဖို့ကို အကြံပေးချင်ပါတယ်။ ကွီးတို့အနေနဲ့ အတူနေချိန်မှာ မတော်တဆ ကွိုင် ပေါက်ပြဲခဲ့တယ်ဆိုရင် ဘေးကင်းလုံခြုံမှု ရှိစေဖို့ လိုက်နာရမယ့် အချက်လေးတွေကို ဒီဆောင်းပါးလေးကနေတဆင့် မျှဝေပေးပါမယ်။

ကွိုင် ပေါက်ပြဲတာကို ဘယ်လိုသိနိုင်မလဲ

condom

Photo : Healthline

ကွန်ဒုံး ပေါက်ပြဲတာကို သိနိုင်ဖို့ နည်းလမ်းအနည်းငယ်တော့ ရှိပါတယ်။ မဆက်ဆံခင် ကွန်ဒုံး ဝတ်ဆင်စဉ် ကတည်းက ပေါက်ရာပြဲရာ ရှိမရှိကို သေချာ စစ်ဆေးပါ။ နောက်တစ်ချက်က ဆက်ဆံနေစဉ်အတွင်းမှာ ကွန်ဒုံးဝတ်ထားရတာ တင်းကျပ်ကျပ် ခံစားနေရပေမယ့် ရုတ်ချည်းဆိုသလို သက်တောင့်သက်သာ ခံစားရတာ ဒါမှမဟုတ် ကွန်ဒုံးဝတ်ထားခြင်း မရှိသလို လိင်တံရဲ့ အာရုံခံနိုင်စွမ်းက ရုတ်တရက် တိုးလာတာ ( ပူနွေးမှု ၊ စွတ်စိုမှုတွေကို ပိုမိုခံစားရတာ) ၊ ဆက်ဆံပြီးချိန်မှာ သုတ်ရည်ယိုစိမ့်မှုရှိတာ သို့မဟုတ် မြင်သာတဲ့ ပေါက်ရာပြဲရာတွေ မြင်တွေ့ရတာ စတဲ့အချက်တွေပေါ်မူတည်ပြီး ကွိုင် ပေါက်မပေါက်ကို သိနိုင်ပါတယ်။

ဆက်ဆံနေစဉ်အတွင်းမှာ ကွိုင် ပေါက်ပြဲတာကို သိလိုက်ပြီဆိုတာနဲ့ ဆက်ဆံမှုကို ချက်ချင်း ရပ်တန့်လိုက်ဖို့ လိုပါတယ်။ ဒါမှ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်မှု သို့မဟုတ် လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ကွိုင် ပေါက်ပြဲတာကို သိပြီဆိုရင် ဘာဆက်လုပ်ရမလဲ ?

condom

Photo : LinkedIn

ကွိုင် ပေါက်ပြဲကို သိလိုက်ပြီဆိုတာနဲ့ ကွီးတို့ လုပ်ဆောင် နိုင်တဲ့ ကြိုတင်ကာကွယ်ခြင်း နည်းလမ်းတွေ ရှိပါတယ်။

အရေးပေါ်သန္ဓေတားဆေး – ကွီးတို့ရဲ့ ဆက်ဆံဖော်နဲ့ ကလေးယူဖို့ ရည်ရွယ်ချက် မရှိသေးဘူး ဒါမှမဟုတ် ကွီးတို့ ပါတနာအနေနဲ့ လုံခြုံစိတ်ချရတဲ့ သန္ဓေတားနည်းတစ်ခုခုကို လိုက်နာဆောင်ရွက်နေတာမျိုး မရှိဘူးဆိုရင် အရေးပေါ်သန္ဓေတားဆေးက အကောင်းဆုံးရွေးချယ်မှု တစ်ခုဖြစ်နိုင်ပါတယ်။ အရေးပေါ်သန္ဓေတားဆေးကို E-pills လို့လည်း ခေါ်ပါတယ်။ အရေးပေါ်သန္ဓေတားဆေးဟာ ဆက်ဆံပြီး ၇၂ နာရီအတွင်း သောက်ရမှာဖြစ်ပြီး မြန်မြန်သောက်လေ မလိုလားအပ်တဲ့ ကိုယ်ဝန်ကို တားဆီကာကွယ်ဖို့ အခွင့်အလမ်း ပိုများလေ ဖြစ်ပါတယ်။ အရေးပေါ်သန္ဓေတားဆေးဟာ အခုလို အရေးပေါ်အခြေအနေတွေမှာသာ သုံးရမယ့် ဆေးဆိုတာကိုလည်း သေချာသဘောပေါက် နားလည်ထားဖို့ လိုပါတယ်။ လိင်တူချင်း ဆက်ဆံမယ်ဆိုရင်တော့ ကိုယ်ဝန်အတွက် စိတ်မပူရပေမယ့် HIV လို လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါအခြေအနေတွေတော့ ဖြစ်နိုင်ခြေ ရှိနေပါသေးတယ်။

HIV ပိုးမကူးစက်အောင် ကာကွယ်ဖို့အတွက်ဆိုရင် Post-Exposure Prophylaxis သို့မဟုတ် PEP လို့ခေါ်တဲ့ ရောဂါမကူးစက်အောင် ကြိုတင်ကာကွယ်တဲ့ ဆေးကို သောက်လို့ရပါတယ်။ PEP ကို သတ်မှတ်ရက် ၂၈ ရက်ပြည့်အောင် သောက်ရမှာ ဖြစ်ပြီး ၇၂ နာရီအတွင်း သောက်ပေးဖို့ လိုပါတယ်။ PEP သောက်မယ်ဆိုရင် အရင်ဆုံး နားလည်တက်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ အကြံပေးလိုပါတယ်။

အကယ်၍ ကွီးရော ကွီးတို့ရဲ့ဆက်ဆံဖော်မှာပါ မဆက်ဆံမီ HIV ပိုးရှိမရှိ မစစ်ဆေးရသေးပါက နှစ်ဦးလုံးအတွက် ရောဂါပိုးကူးစက်ခြင်းရှိမရှိ အတည်ပြုနိုင်ဖို့ HIV စစ်ဆေးမှုခံယူဖို့ အရေးကြီးပါတယ်။ ဆက်ဆံပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ STIs ရှိမရှိကိုလည်း စစ်ဆေးဖို့ အကြံပြု လိုပါတယ်။ ရောဂါလက္ခဏာမပြရင်တောင် စမ်းသပ်စစ်ဆေးမှု ခံယူပါ။ အချို့သော ကာလသားရောဂါတွေဟာ သိသိသာသာလက္ခဏာတွေ မပြတာကြောင့်ပါ။

ကွိုင် ပေါက်ပြဲနိုင်ခြေကို လျှော့ချနိုင်ဖို့ လိုက်နာရမယ့် အချက်များ

condom

Photo : MyGood Times

ကွန်ဒုံး အိတ်ပေါ်က သက်တမ်းကုန်ဆုံးရက်ကို အမြဲစစ်ဆေးပါ။ သက်တမ်းလွန် ကွန်ဒုံးကို ဘယ်တော့မှ မသုံးပါနဲ့။

ကွန်ဒုံးဝတ်တဲ့အခါ ဂရုတစိုက်ရှိပါစေ။ ကွန်ဒုံးကို ဖောက်တဲ့နေရာမှာ ချွန်ထက်တဲ့အရာတွေ ၊ လက်သည်းရှည်တွေနဲ့ မဖောက်မိဖို့ သတိပြုပါ။ ဒါဟာ ကွန်ဒုံးပေါက်ပြဲဖို့ အခွင့်အရေးပိုများပါတယ်။

ကွန်ဒုံးနှစ်ခုကို တစ်ပြိုင်နက် မသုံးပါနဲ့။ ကွန်ဒုံး နှစ်ထပ်ဝတ်ဆင်ခြင်းကို အထူးရှောင်ကြဉ်ပါ။

ဆီအခြေခံ ချောဆီတွေကို မသုံးပါနဲ့။

မှန်ကန်တဲ့ ကွန်ဒုံး Size ကို အသုံးပြုပါ။ အရွယ်အစား ကြီးလွန်း / သေးငယ်တဲ့ ကွန်ဒုံးတွေကို အသုံးပြုခြင်းက ကွန်ဒုံး ကွဲထွက်နိုင်ဖို့ အလားအလာ ပိုများပါတယ်။

အသုံးပြုပြီးသား ကွန်ဒုံးကို နောက်တစ်ကြိမ် ပြန်အသုံးပြုခြင်း လုံးဝမပြုပါနဲ့။

နေရောင်တိုက်ရိုက်ထိတဲ့ နေရာ ၊ အပူချိန်များတဲ့ နေရာတွေမှာ ကွန်ဒုံးကို မထားပါနဲ့။ အပူချိန်များတာ ၊ နေရောင်ထိတွေ့တာတွေဟာ ကွန်ဒုံးကို ပေါက်ပြဲကွဲထွက်နိုင်ခြေ ပိုများပါတယ်။

Featured Photo : Health