ကွီးတို့ မနက်ဘယ်အချိန် အိပ်ရာထလေ့ရှိပါသလဲ။ ဒီနေ့ခေတ်မှာ လူ‌တော်‌တော်များများက နောက်ကျအောင်နေလေ့ရှိပြီး အိပ်ရာစောစော မထနိုင်ကြပါဘူး။ အမှန်တော့ မနက်စောစော အိပ်ရာထခြင်းက တစ်နေ့လုံး လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့ စိတ်ခံစားချက်တွေကို မြှင့်တင်နိုင်ဖို့၊ ဖန်တီးနိုင်စွမ်း ပိုမိုအားကောင်းလာစေဖို့ အထောက်အကူပြုပါတယ်။ ဒါ့ကြောင့် စောစောထခြင်းက အောင်မြင်သူများရဲ့  တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးနိုင်တဲ့ လျှို့ဝှက်ချက် ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါတွေတင်မကသေးဘဲ စောစောထခြင်းက ကျန်းမာရေးအတွက်လည်း ထိထိရောက်ရောက် အကျိုးပြုတယ်ဆိုတာ သိပါသလား။ ဒီ‌ဆောင်းပါးလေးမှာ‌တော့ မနက်စောစော အိပ်ရာထရင် ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ရနိုင်မလဲဆိုတာ ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

အိပ်စက်ခြင်း စက်ဝန်းကို ကောင်းမွန်လာစေပါတယ်

မနက်စောစော အိပ်ရာထရင်

Photo : Sci Teach Daily

ပုံမှန် တစ်သမတ်တည်း စောစောအိပ်ပြီး စောစောထခြင်းက ခန္ဓာကိုယ် စွမ်းအင်များ ပြန်လည်ဖြည့်တင်းနိုင်ဖို့နဲ့ ကောင်းမွန်သော အိပ်စက်ခြင်းကို ရစေပါတယ်။ ဒါ့အပြင် ပုံမှန်အချိန်မှန်သော အိပ်စက်မှုစက်ဝန်းက ကိုယ်ခံအားစနစ်၊ အခြေခံ ဦးနှောက်လုပ်ဆောင်ချက်တွေ၊ စိတ်ခံစားချက် စတာတွေကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒီလို ပုံမှန်စောစောအိပ်ပြီး ‌စောစောထခြင်းက နေ့ဘက်မှာ ပင်ပန်းနွမ်းနယ်မှုကို နည်းစေပါတယ်။ အိပ်ချိန်လုံလောက်မှုရှိခြင်းက ကျန်းမာရေးအတွက် အရာရာပါ။ ဒါ့ကြောင့် ကွီးတို့လည်း စောစောအိပ်ပြီး ‌မနက်စောစောထတဲ့ အလေ့အကျင့်ကို မွေးမြူပါ။

မနက်စာစားဖို့ အချိန်ပိုရပါတယ်

မနက်စောစော အိပ်ရာထရင်

Photo : Men’s Health

တစ်နေ့တာ လှုပ်ရှားဖို့အတွက် မနက်စာစားဖို့က အရေးကြီးပါတယ်။ အိပ်ရာထနောက်ကျပြီး မနက်စာ မစားဖြစ်တာ၊ ကျန်းမာ‌ရေးနဲ့ မညီညွတ်တဲ့ အသင့်စားအစားအစာတွေကို ပြီးစလွယ် စားမိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါက ရေရှည်မှာ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်နိုင်စေပါတယ်။ မနက်စောစော အိပ်ရာထတဲ့အခါ မနက်စာ သေချာစားဖို့ အချိန်ရပြီး ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။

ခန္ဓာကိုယ် စွမ်းအင်ကို ပိုမိုရရှိစေနိုင်တယ်

Photo : Very Well Fit

မနက်စောစောထခြင်းက ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် အပေါ်လည်း ကောင်းမွန်သော သက်ရောက်မှု ရှိပါတယ်။ ဒါ့အပြင် ပုံမှန် စောစောထပြီး စောစောအိပ်ရာဝင်တာက ပိုမိုကောင်းမွန်တဲ့ အိပ်စက်မှုပုံစံကို ရရှိစေတာကြောင့် တစ်နေ့တာလုံး ပိုမိုတက်ကြွလာစေပြီး ခန္ဓာကိုယ်ကို လန်းဆန်းကာစွမ်းအင် ပြည့်နေစေပါတယ်။ ဒါ့ကြောင့် တစ်နေ့တာ လုပ်ငန်းဆောင်တာများကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ပါလိမ့်မယ်။

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုပါတယ်

Photo : Men’s Health

စောစောထတဲ့သူတွေက နောက်ကျမှ အိပ်ရာထသူများထက် စိတ်ပိုမို ကြည်လင်ကာ အကောင်းမြင်စိတ် ပိုများပါတယ်။ ဒါ့အပြင် အလုပ်ဖြစ်စေ၊ ကျောင်းဖြစ်စေ သွားရောက်ဖို့အတွက် အလျင်စလိုလုပ်စရာ မလိုတာကြောင့် စိတ်ဖိစီးလည်း နည်းစေပါတယ်။ ဒါ့အပြင် စောစောထသူများက စိတ်ဓာတ်ကျခြင်း သို့မဟုတ် စိုးရိမ်ပူပန်ခြင်းကဲ့သို့သော စိတ်ရောဂါများ ဖြစ်ပွားနိုင်ချေ နည်းပါးတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဘယ်သူမဆို အသက်အရွယ်မရွေး မနက်‌စောစောထတဲ့ အလေ့အကျင့်ကောင်းကို မွေးမြူသင့်ပါတယ်။

ကွီးတို့ရေ မနက်စောစော အိပ်ရာထရင် ခန္ဓာကိုယ်အတွက်သာမက စိတ်ကျန်းမာရေးအတွက်လည်း အထောက်အကူပြုတာ‌ တွေ့ရမှာပါ။ ဒါ့အပြင် လုပ်ငန်းခွင်မှာလည်း ပိုမိုတတ်ကြွလာပြီး ကောင်းမွန်သော တီထွင်ဖန်တီးနိုင်စွမ်းတွေ မြင့်တတ်လာစေပါတယ်။ ဒါ့ကြောင့် စောစောအိပ်ပြီး စော‌စောထကြပါစို့။

Source : eachnight

Featured Photo : Vista Create