မန်ချက်စတာစီးတီး တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျီးဆပ်က အာဆင်နယ် အသင်းရဲ့ ခေါ်ယူဖို့ ချဉ်းကပ်ခြင်း ခံခဲ့ရပြီးနောက် အနာဂတ်နဲ့ပတ်သက်ပြီး ကောလာဟလတွေကြောင့် အာရုံများနေမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

Arsenal's Technical Director Edu and Coach Arteta

Photo: Football.london

အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ ၁၇ ပွဲ၊ ချန်ပီယံလိဂ်မှာ ၁ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိခဲ့ပြီး အီတီဟတ်မှာ ပုံမှန် ပွဲကစားချိန်ရရှိဖို့ ရုန်းကန်နေခဲ့ရသူ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ အူဘာမီယန်းရဲ့နေရာမှာ အစားထိုးနိုင်ခြင်းမရှိခဲ့တဲ့နောက် တိုက်စစ်ကို ဦးဆောင်မယ့် တိုက်စစ်မှူးသစ် ရှာဖွေနေတာဖြစ်ပြီး ဂျီးဆပ်ကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူးရဲ့ ကိုယ်စားလှယ်တွေနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ဂျီးဆပ်က ယခုနွေရာသီမှာ အာတီတာရဲ့အသင်းကို ပြောင်းရွှေ့ချင်တဲ့ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စနေနေ့မှာ ဝက်ဖို့ဒ်ကို ၅-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ မန်စီးတီးရဲ့ စတုတ္ထမြောက်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ဂျီးဆပ်က ၎င်းအနေနဲ့ ဒီရာသီကို အမြင့်မားဆုံးအဆုံးသတ်နိုင်ဖို့သာ အာရုံစိုက်ထားတယ်လို့ အခိုင်အမာ ပြောကြားခဲ့တာဖြစ်ပါတယ်။

Gabriel Jesus celebrated

Photo: Manchestereveningnews

“ဒီအကြောင်းနဲ့ပတ်သက်ပြီး စဉ်းစားဖို့ အချိန်မဟုတ်ပါဘူး။ ခင်ဗျားက ကျွန်တော် ဒီဟာကို ပြောမယ်လို့ မျှော်လင့်ထားပြီး အဲဒါက အမှန်ပါပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး စဉ်းစားဖို့ အချိန်မဟုတ်ပါဘူး။ အခုက ရာသီရဲ့အကောင်းဆုံးအခိုက်အတန့်ပါ။ ကျွန်တော် အဲဒါကို ပျော်ရွှင်ခံစားချင်တယ်။ ပရီးမီးယားလိဂ်အတွက် တိုက်ပွဲဝင်ဖို့ အသင်းဖော်တွေအပေါ်မှာ အာရုံစိုက်ထားတယ်။ ကျွန်တော့်အသင်းဖော်တွေနဲ့ ၃ ကြိမ်အထိ ရရှိခဲ့ပြီးပါပြီ။ အဲဒီတော့ အဲဒါက ဘယ်လိုခံစားရလဲဆိုတာ သိနေလို့ ထပ်ပြီးလိုချင်ပါတယ်။ အင်္ဂါနေ့မှာ ရီးရဲလ်မက်ဒရစ်နဲ့ ခက်ခဲတဲ့ ပွဲစဉ်ရှိနေတယ်။ ခက်ခဲတဲ့ ပြိုင်ဘက်ပါ။ အဲဒါက ကျွန်တော်အာရုံစိုက်နေတဲ့အရာပဲ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Metro