မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံ တိုက်စစ်ကစားသမား ဂျေဒန် ဆန်ချိုကတော့ အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်နေရာကနေ အခုလက်ရှိမှာတော့ ဆန်ချိုက အသင်းရဲ့ နည်းပြအဖွဲ့ဝင်တွေ အသင်းဝန်ထမ်းတွေနဲ့ပါ ဆက်ဆံရေး တင်းမာမှုတွေလည်း ရှိနေတယ်လို့ သိရှိရပါတယ်။
Photo Credit : TEAMtalk
မန်ယူ နဲ့ အာဆင်နယ်အသင်းတို့ ပွဲစဥ်ရဲ့ ကစားသမားစာရင်းထဲ ဆန်ချို မပါဝင်လာနိုင်တဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး တန်ဟက်ဂ်က ဆန်ချိုဟာ လေ့ကျင်ခန်း အစီအစဥ်မှာ စွမ်းဆောင်မှုကောင်း မပြသနိုင်လို့ ချန်လှပ်ခဲ့တာလို့ မှတ်ချက်ပြုခဲ့ရာ ဒါကို ဆန်ချိုက ပြန်လည် ငြင်းဆန်ရင်း တန်ဟက်ဂ် နဲ့ ဆန်ချိုတို့ကြား တင်းမာမှုတွေ ဖြစ်လာခဲ့ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဆန်ချိုက မန်ယူအသင်းက တာဝန်ရှိသူတွေနဲ့ပါ အဆင်မပြေမှုတွေ ထပ်မံ ဖြစ်ပေါ်လာခဲ့တာကြောင့် ဆန်ချိုရဲ့ မန်ယူ ကစားသမားဘဝ အနာဂတ်ဟာလည်း လုံးဝ မရေမရာ ဖြစ်လာခဲ့ရပါတယ်။
Photo Credit : talkSPORT
ဆန်ချို နဲ့ တန်ဟက်ဂ်တို့ကြားက ပြဿနာတွေ ပြေလည်စေနိုင်ဖို့အတွက် နည်းပြတန်ဟက်ဂ်ဆီ တောင်းပန်ဖို့ ဆန်ချိုကို အသင်းဘက်က မှာကြားခဲ့ပေမယ့်လည်း ဆန်ချိုကတော့ အခုအချိန်ထိ တောင်းပန်ခြင်း မရှိသေးတဲ့အပြင် တောင်းပန်ဖို့ကိုပါ ငြင်းဆိုထားခဲ့ပါသေးတယ်။ ဆန်ချိုရဲ့အသင်းဖော်တွေဖြစ်တဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ် ၊ ဟယ်ရီ မက်ဂွိုင်းယား နဲ့ လုခ်ရှောတို့က နည်းပြအပေါ် တောင်းပန်ဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ ဒါပေမယ့် အခြေအနေတွေက တိုးတက်လာခြင်း မရှိသေးသလို ဆန်ချိုကလည်း တစ်ဦးတည်း လေ့ကျင်ခန်းဆင်းနေရချိန်မှာတောင် သတ်မှတ်ထားတဲ့ အချိန်ထက် တစ်နာရီထိ နောက်ကျပြီးမှ ရောက်သွားခဲ့ပါသေးတယ်။
Photo Credit : Goal
ဒီလောက်အထိ ဖြစ်လာခဲ့တဲ့ ဆန်ချိုကို မန်ယူအသင်းက တစ်ဦးတည်း လေ့ကျင်ခန်းဆင်းဖို့ ညွှန်ကြားထားရုံမကပဲ အသင်းရဲ့ Facilities အားလုံးမှာပါ ဝင်ရောက် အသုံးပြုခွင့် ပိတ်ပင်ထားလိုက်ပါသေးတယ်။ တကယ်လို့ ဆန်ချိုဘက်က လာမယ့် ၂၀၂၄ခုနှစ် ဇန်နဝါရီလ ရောက်ချိန်အထိ ဘာမှ ထူးခြားမလာသေးရင် မန်ယူအနေနဲ့ ဆန်ချိုကို ဆောင်းဈေးကွက်အတွင်းမှာပဲ အသင်းကနေ ရောင်းထုတ်သွားတော့မှာဖြစ်ပြီး ကမ်းလှမ်းမှုတွေကိုလည်း နားစွှင့်သွားဖွယ် ရှိနေပါတယ်။
Featured Photo : Goal