မန်ချက်စတာ ယူနိုက်တက် အသင်းက ဒီနွေမှာ ကွင်းလယ်ပိုင်း အတွက် မေဆန်မောင့်ကို ခေါ်ယူနိုင်ခဲ့တယ်။ ဂိုးသမား နေရာအတွက် အိုနာနာကို ခေါ်ယူခဲ့တယ်။ ဒါပေမယ့် တိုက်စစ် နေရာအတွက်ကိုတော့ ခုထိ မဖြည့်တင်းနိုင်သေးပါဘူး။ ဒီလို မဖြည့်တင်း နိုင်သေးပေမယ့်လည်း ယူနိုက်တက်ရဲ့ တိုက်စစ်ကို ဘယ် ကစားသမား ဝင်ရောက်လာမလဲဆိုတာ အားလုံး သိထားသလောက် ဖြစ်နေပါပြီ။ သူကတော့ ဒိန်းမတ် တိုက်စစ်မှူးလေး ရက်စ်မက် ဟွိုင်လန်းပါ။

højlund

Photo Credit : The Athletic

ယူနိုက်တက်က တိုက်စစ်ပိုင်း မဖြစ်မနေ ဖြည့်တင်းဖို့ လိုအပ်နေတဲ့ အသင်း ဖြစ်နေတာကြောင့် ဟယ်ရီကိန်း ၊ အိုဆင်မန် ၊ မာတီနက်ဇ် ၊ နေမာ ၊ မူအာနီ အစရှိတဲ့ တိုက်စစ်မှူးတွေနဲ့ သတင်း ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်နဲ့ သတင်းထွက်တာနဲ့ကို သန်း (၁၀၀) ဖြစ်ဖြစ်သွားတတ်လို့ မန်ချက် တစ်ရာ ယူနိုက်တက်လို့တောင် ပြောင်းလဲ ခေါ်ဆိုရမလိုပါပဲ။ နောက်ဆုံးတော့ ဒီကစားသမားတွေထက် အသင်းကို ယခင်ကတည်းက အားပေးခဲ့ပြီး အသင်းဆီလည်း ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေသူ ဟွိုင်လန်းကိုပဲ ယူနိုက်တက်တို့ အပြည့်အဝ အာရုံစိုက်လာပါတော့တယ်။

rasmus højlund

Photo Credit : TEAMtalk

အသက် (၂၀)အရွယ်သာ ရှိနေသေးတဲ့ ဒိန်းမတ် တိုက်စစ်မှူး ဟွိုင်လန်းက သူရဲ့စီနီယာ ကစားသမားဘဝကို ဒိန်းမတ် နာမည်ကျော် ကလပ် ကိုပင်ဟေဂင်မှာ စတင်ခဲ့တယ်။ ဟွိုင်လန်းရဲ့ ကိုပင်ဟေဂင် ကစားသမားဘဝက ထင်သလောက် မဖြစ်လာခဲ့ပဲ ၂၀၂၂ ဆောင်းဈေးကွက်မှာတော့ သြစတြီးယား ကလပ် စတမ်းဂရက်ဇ်ဆီ ရောက်သွားခဲ့ပါတယ်။ စတမ်းဂရက်ဇ်နဲ့ ဘောလုံးရာသီ တစ်ရာသီအပြည့်တောင် မဖြတ်သန်းရသေးခင်မှာပဲ (၂၁)ပွဲ (၁၂)ဂိုး သွင်းနိုင်ခဲ့တဲ့ ဟွိုင်လန်းကို အတ္တလန်တာက ခေါ်ယူခဲ့ပါတယ်။ အတ္တလန်တာက ဟွိုင်လန်းအတွက် ယူရို (၁၇)သန်းအထိ သုံးစွဲခဲ့ပါတယ်။

hojlund manutd

Photo Credit : Sky Sports

ဟွိုင်လန်းက အတ္တလန်တာနဲ့ တစ်ရာသီ ဖြတ်သန်းပြီးချိန်မှာ (၁၀)ဂိုး သွင်းယူခဲ့တယ်။ ဂိုးဖန်တီးမှုလည်း (၄)ကြိမ် လုပ်ဆောင်နိုင်ခဲ့တယ်။ အတ္တလန်တာ တိုက်စစ်မှာ လွတ်ခ်မန်း နဲ့ ဟွိုင်လန်းတို့ တွဲဖက်မိမိ ကစားနိုင်ခဲ့တယ်။ ဟွိုင်လန်းက ဘယ်ခြေ အားကောင်းသူဖြစ်ပြီး ပုံစံမျိုးစုံနဲ့လည်း ဂိုးသွင်းတတ်တယ်။ နေရာလွတ်တွေလည်း ရှာဖွေတတ်တယ်။ physical ပိုင်းရော အရပ်အမောင်းလည်း ကောင်းမွန်တယ်။ သူရယ် ရပ်ရှ်ဖို့ဒ်ရယ် အန်တိုနီ ဒါမှမဟုတ် ဆန်ချိုရယ်ဆိုရင် ယူနိုက်တက် တိုက်စစ် အစုအဖွဲ့က စိတ်လှုပ်ရှားစရာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်လည်း ယူနိုက်တက် ဟွိုင်လန်းကို အရ ခေါ်ယူဖို့ အရှိန်ဟုန်မြင့် လှုပ်ရှားနေတာဖြစ်ပြီး သိပ်မကြာခင်မှာပဲ ခေါ်ယူနိုင်ဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Featured Photo : TEAMtalk