ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းက ပရီးမီးယားလိဂ် (၁၀)ပွဲ ကစားထားပြီးပါပြီ။ ပြိုင်ပွဲစုံအရဆိုရင်တော့ (၁၅)ပွဲအထိ ကစားပြီးခဲ့ပြီလို့ ပြောရပါမယ်။ အဲ့ဒီ ပြိုင်ပွဲစုံ (၁၄)ပွဲထဲမှာ (၇)ပွဲ အနိုင်ရခဲ့ပြီး ကျန်တဲ့ ပွဲအားလုံးကိုတော့ ရှုံးနိမ့်ထားခဲ့ပါတယ်။
Photo Credit : ESPN
အဲ့ဒီ နိုင်ပွဲ (၇)ပွဲထဲမှာ တကယ့်ကို စွမ်းဆောင်ရည် အကောင်းဆုံးနဲ့ စိတ်ကျေနပ်လောက်စရာ ခြေစွမ်းမျိုးတွေနဲ့ အနိုင်ရခဲ့တာက ပဲလေ့စ်ကို ဂိုးပြတ်တီးခဲ့တဲ့ လိဂ်ဖလား တတိယအဆင့် ပွဲစဉ်သာ ရှိပါတယ်။ ကျန်တဲ့ ပွဲတွေမှာ နိုင်ပွဲရဖို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသလို နောက်ဆုံး အနိုင်ရထားတဲ့ ကိုပင်ဟေဂင်နဲ့ပွဲမှာလည်း အိုနာနာရဲ့ last minute ပင်နယ်တီ ကာကွယ်မှုကြောင့်သာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
Photo Credit : Goal
ပရီးမီးယားလိဂ် (၁၀)ပွဲ ကစားထားပြီးချိန်မှာ မန်ယူက (၅)ပွဲနိုင် (၅)ပွဲအထိ ရှုံးခဲ့ပါတယ်။ ဒီလို (၁၀)ပွဲကစား (၅)ပွဲထိ ရှုံးထားတာက မန်ယူ့ထက် အဆင့် (၃)ဆင့်လောက် နိမ့်နေတဲ့ ချယ်လ်ဆီးထက်ပင် ဆိုးရွှားလို့နေပြီး အဆင့်(၁၄)အတွင်းမှာ ရပ်တည်နေတဲ့ အသင်းတွေထဲ ရှုံးပွဲ အရေအတွက် အများဆုံးပါ ဖြစ်နေရပါတယ်။ ပိုဆိုးတာကတော့ (၁၀)ပွဲ ကစားထားပြီးချိန်မှာ အသင်းရဲ့ တိုက်စစ်က စုစုပေါင်း (၁၁)ဂိုးသာ သွင်းယူထားနိုင်လို့ ဒီရဂိုး ပမာဏဟာလည်း အမှတ်ပေးဇယားရဲ့ အဆင့်(၁၂)အတွင်းက အသင်းတွေထဲမှာ အနည်းဆုံး ဖြစ်နေရပါတယ်။
Photo Credit : Eurosport
ချန်ပီယံလိဂ်မှာ ဆိုရင်လည်း အုပ်စုပွဲ (၃)ပွဲ ကစားထားပြီးချိန် ကိုပင်ဟေဂင် တစ်တည်းကိုပဲ အနိုင်ရခဲ့ပါတယ်။ ဒါတောင် အဲ့ဒီပွဲမှာလည်း အိုနာနာသာ ပင်နယ်တီ မကာကွယ်နိုင်ခဲ့ရင် အုပ်စု (၃)ပွဲဆက်တိုက် နိုင်ပွဲပျောက်နေပါဦးမယ်။ ချန်ပီယံလိဂ်မှာ ဂိုး(၃)ဂိုး သွင်းထားတဲ့ ဟွိုင်လန်းကလည်း ပရီးမီးယားလိဂ်မှာတော့ (၇)ပွဲကစား တစ်ဂိုးမှမသွင်း တစ်ဂိုးမှမဖန်တီးနိုင်လို့ 007 ဘွဲ့ပါ ရရှိနေပါပြီ။ ဒီအချိန်မှာ ဘုန်းတစ်ဂိုးရှင် အိုနာနာက လက်စွမ်းတွေ ပြန်ငြိမ်လာတာကပဲ မန်ယူအတွက် ဖြေသိမ့်စရာ ရှ်ိပါတယ်။ ဆက်လက်ပြီး မန်ယူအနေနဲ့ ဘယ်လိုပုံစံ စခန်းသွားဦးမလဲဆိုတာ ရင်တမမနဲ့ပဲ စောင့်ကြည့်ရပါလိမ့်မယ်။
Featured Photo : Sky Sports