လူတွေက ခံစားချက်တွေ၊ အတွေ့အကြုံတွေကို နည်းမျိုးစုံနဲ့ ဖော်ပြလေ့ရှိပါတယ်။ အထူးသဖြင့် အချစ်နဲ့ ပတ်သတ်တဲ့ ဝမ်းနည်းမှု၊ ပျော်ရွှင်မှု၊ နာကျင်မှု၊ ကြည်နူးမှု၊ စိတ်လှုပ်ရှားမှု စတဲ့ ခံစားချက်ပေါင်းစုံကို ဂီတနဲ့ ပေါင်းစည်းပြီး သီချင်းတွေအဖြစ် ဖန်တီးကြပါတယ်။ သီချင်းတစ်ပုဒ်စီတိုင်းမှာ မတူညီတဲ့ ပုံပြင်လေးတွေ ရှိခဲ့ကြမှာပါ။ တစ်ခါတစ်လေ သီချင်းတစ်ပုဒ်ကို ကြိုက်ရတဲ့ အကြောင်းအရင်းက ကိုယ့်ခံစားချက်နဲ့ တိုက်ဆိုင်လို့ ဖြစ်စေ သို့မဟုတ် ကိုယ်ရဲ့ အတွေ့အကြုံနဲ့ ထပ်တူညီလို့ ဖြစ်စေ စတာတွေကြောင့် ဖြစ်ပါတယ်။ လူတိုင်းလူတိုင်းမှာ ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ အကြိုက်ဆုံးသီချင်းတွေ ရှိကြမှာပါ။ ကွီးတို့ရော အကြိုက်ဆုံး သီချင်းတွေရှိပါသလား၊ ထိုသီချင်းများရဲ့ နောက်ကွယ်မှရော မပြောဖြစ်ခဲ့တဲ့ ပုံပြင်လေးများ ရှိခဲ့ပါသလား။

မတူညီတဲ့ နောက်ကွယ်က အကြောင်းတရားတွေ ခံစားချက်တွေ ပေါင်းစည်းပြီး သီချင်းသံစဉ်တွေအဖြစ် ပေါ်ထွက်လာတဲ့ သီချင်းကောင်း အချို့ကို ဖော်ပြပေးချင်ပါတယ်။ ကွီးတို့ရဲ့ ပုံပြင်လေးများနဲ့ ခံစားချက်ချင်း ထပ်တူကျတဲ့ သီချင်းတွေ ပါသလားဆိုတာ ကြည့်လိုက်ပါဦးနော်။

You Think You Know Somebody  by Hunter Hayes

Source : Hunter Hayes

Hunter Hayes သီဆိုထားတဲ့ You Think You Know Somebody ဆိုတဲ့ သီချင်းလေးကတော့ တကယ်ကို တေးသွားရော စာသားတွေကပါ အဓိပ္ပါယ်ရှိပြီး ကောင်းမွန်လှပါတယ်။ ဒီသီချင်းလေးကတော့ တစ်ခါတစ်ရံမှာ ကိုယ်ဟာတစ်စုံတစ်ယောက်ကို သိတယ်၊ နားလည်တယ်လို့ ထင်ခဲ့ပေမဲ့ တကယ်တော့ ကိုယ်ထင်ထားသလောက် တစ်ယောက်သောသူအကြောင်းကို သိမနေခဲ့ပါဘဲ ဇာတ်လမ်းလေးအဆုံးသတ်သွား တဲ့အကြောင်းလေးကို သီဆိုထားပါတယ်။

The Call by Backstreet Boys

Source : Backstreet boys

ဒီမိုက်မိုက် သီချင်းလေး ဖြစ်တဲ့ The Call ဆိုတဲ့ သီချင်းလေးကတော့ ရည်းစားက သစ္စာမရှိဘဲ လှည့်စားနေကြောင်း တွေ့ခဲ့ရတဲ့ အကြောင်းကို သီဆိုထားတာဖြစ်ပါတယ်။ The Call ကို ဒီသီချင်းလေးအတွက်  “ကံကြမ္မာကို ပြောင်းလဲစေသော ခေါ်ဆိုမှု” လို့အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။ ဒီအမိုက်စား သီချင်းလေးနဲ့ ထပ်တူကျပြီး မပြောဖြစ်ခဲ့တဲ့ ပုံပြင်လေးများ ကွီးတို့ရှိမှာ ရှိခဲ့ဖူးပါသလား။

Thinking Out Loud by Ed Sheeran

Source : Ed Sheeran

ဒီသီချင်းဟာ အချစ်သီချင်းတွေထဲမှာ တကယ်ကိုလှပတဲ့ သီချင်းကောင်းလေးတစ်ပုဒ်ပါ။ အစစ်အမှန်မဟုတ်တဲ့ အရာတွေက ကြာရှည်မခံပဲ လွယ်လွယ်ကူကူ ကွယ်ပျောက်သွားနိုင်ပေမဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတရားဟာ  ရေရှည်တည်တံ့နေမှာပါ။

You’re Beautiful – James Blunt

Source : James Blunt

ဘဝဟာ အမြဲဆိုးနေတာမျိုး၊ ကောင်းနေတာမျိုး မဟုတ်ပါဘူး။ အနိမ့်အမြင့် အတတ်အကျ ရှိတာဟာ ဘဝရဲ့ အဓိပ္ပါယ်ပါ။ အမြဲတမ်း ဘဝဟာ တစ်သတ်မတ်တည်း ရှိဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကွီးတို့ ဘဝမှာ ပျော်ရွှင်ခဲ့တဲ့အချိန်တွေ၊ နှစ်သက်ခဲ့ရတဲ့ အချိန်တွေ၊ လှပတဲ့နေ့ရက်တွေ ရှိခဲ့မှာပါ။ James Blunt ရဲ့ ” Your Beautiful” သီချင်းက ထိုအခိုက်တန့်တွေကို အောက်မေ့သတိရကာ  ဘဝတွင် ဆက်လက်ကြိုးစားနေထိုင်ဖို့ အားပေးထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ကွီးတို့လည်း စိတ်အရမ်းပင်ပန်းတဲ့ အချိန်မှာ ကွီးတို့ပိုင်ဆိုင်ခဲ့တဲ့ လှပတဲ့နေ့ရက်တွေကို အောက်မေ့သတိရပြီး ပြန်လည်အားတင်းကာ ရှေ့ဆက်လျှောက်လှမ်းပါ။

Missing You by Steve Perry

Source : Steve Perry

ချစ်ရသူတစ်ဦးတစ်ယောက်နဲ့ လမ်းခွဲတဲ့အခါ ထိုသူနဲ့ ရှိခဲ့တဲ့ အမှတ်တရတွေဟာ ကွီးတို့ရင်ထဲမှာ ကျန်ခဲ့ပါသလား။ တစ်ယောက်သောသူနဲ့ အတူရှိခဲ့တုန်းက အမှတ်တရတွေကို မမေ့နိုင်ဖြစ်နေပြီး လွမ်းနေရတဲ့ အကြောင်းလေးကို Steve Perry ရဲ့ Missing You ဆိုတဲ့ သီချင်းလေးမှာ နားဆင်နိုင်ပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ ခံစားချက်တွေနဲ့ ရေးဖွဲ့ထားတဲ့ သီချင်းကောင်းလေးတွေပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ မပြောဖြစ်ခဲ့တဲ့ ပုံပြင်လေးများ နဲ့ တိုက်ဆိုင်တဲ့ အကြိုက်ဆုံး သီချင်‌လေးများ ရှိရင်လည်း ဝေမျှပေးခဲ့နိုင်ပါတယ်။

ဒီသီချင်းလေးတွေရဲ့ ရှင်းလင်းဖော်ပြချက်များမှာ လိုအပ်ချက်လေးတွေ၊ ကွဲလွဲမှုလေးတွေ၊ မပြည့်စုံမှုလေးတွေ ရှိခဲ့လျှင် စာရေးသူရဲ့ လိုအပ်ချက်သာ ဖြစ်ပါတယ်။

Featured Photo : Vista Create