ကွီးတို့ရေ ကျွန်တော်တို့ရဲ့ ဦးနှောက်က အတွေးတွေ စဉ်ဆက်မပြတ်တွေးနေတာကို သတိထားမိပါသလား။ လူရယ်လို့ ဖြစ်လာရင် ခံစားချက်ပေါင်းစုံ၊ ကြုံစုံလာသမျှကိစ္စတွေ၊ ရင်ဆိုင်နေရတဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး အတွေးပေါင်းစုံ ရှိတတ်ကြပါတယ်။ ဒါ့အပြင် လူတို့သဘာဝအရ ကောင်းတာထက် မကောင်းတာကို ပိုမိုအာရုံစိုက်မိပြီး တွေးနေမိတတ်ပါတယ်။ အတွေးလွန်တာကနေ ကိုယ့်ကိုယ်ကို သတိမထားမိဘဲ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာနိုင်ပြီး စိတ်ပိုင်းဆိုင်ရာကိုလည်း များစွာထိခိုက်နိုင်ပါတယ်။ ကွီးတို့ ကိုယ့်ကိုယ်ကို သတိထားကြည့်ပါ။ အတိတ်မှာ ပြီးခဲ့ပြီး ပြင်မရတဲ့ ကိစ္စအတွက် နောင်တရနေလား။ ဖြစ်မလာသေးတဲ့ကိစ္စ၊ မကြုံတွေ့ရသေးတဲ့ကိစ္စအတွက် အလိုလိုအတွေးများပြီး စိုးရိမ်ပူပန်နေပါသလား။ အသေးအဖွဲ့ကအစ မလိုအပ်ပဲ စိုးရိမ်ပူပန်နေပါသလား။ ဒီလို အတွေးတွေ၊ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာပြီးဆိုရင်တော့ အတွေးလွန်နေပါပြီ။
အတွေးလွန်ခြင်း ကြောင့် ကျွန်တော်တို့အတွက် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲဆိုရင် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုကို ဖြစ်စေနိုင်ပါတယ်၊ စိတ်ကျရောဂါကို ဖြစ်စေနိုင်ပါတယ်၊ ပြဿနာဖြေရှင်းနိုင်စွမ်းကို ထိခိုက်လာနိုင်စေပါတယ်၊ အိပ်စက်ခြင်းကို ထိခိုက်စေပါတယ် စတာတွေအပြင် ရေရှည်မှာ ခန္ဓာကိုယ်ကျန်းမာရေး အပေါ်မှာပါ သိသိသာသာ သက်ရောက်လာနိုင်ပါတယ်။ ဒါ့ကြောင့် မပေါ့ဆဘဲ ဒီလို မလိုအပ်ပဲ အတွေးလွန်ခြင်းကို ရပ်တန့်ဖို့ လိုပါတယ်။
အတွေးတွေကို ပြောင်းလဲ လိုက်ပါ
Photo : University of Bath
အတွေးလွန်တာကို ရပ်တန့်ဖို့ဆိုရင် မိမိကိုယ်တိုင် ဘာတွေတွေးနေလဲ၊ ဘာတွေက ဒီလို စိုးရိမ်ပူပန်မှုတွေ ဖြစ်စေသလဲဆိုတာ သိဖို့လိုပါတယ်။ ဒီလို အတွေးလွန်ခြင်းက များသောအားဖြင့် မကောင်းတဲ့ အရာတွေကို ပိုပြီး အလေးထား တွေးမိတာကြောင့် ဖြစ်လာတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကွီးတို့ရဲ့ အတွေးတွေကို ဒီနေ့ကစပြီး ပြောင်းလဲလိုက်ပါ။ သေးငယ်သော အရာလေးတွေကို ဖြစ်ပါစေ အကောင်းမြင်စိတ်၊ အပြုသဘောဆောင်တဲ့ စိတ်နဲ့ ရှုမြင်ပါ။ အတွေးလွန်နေပြီဆိုတာ သိတာနဲ့ ကောင်းမွန်တဲ့ အရာလေးတွေကို စတင်တွေးခေါ်ပြီး အစားထိုးလိုက်ပါ။ ဒီလို လုပ်ခြင်းက အပြုသဘောဆောင်တဲ့ အတွေးအမြင်ကို ထားရှိဖို့ ပျိုးထောင်ပြီးသား ဖြစ်သည်သာမက စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေပါတယ်။
ကိုယ်လက်လေ့ကျင့်ခန်း ပိုလုပ်ပေးပါ
Photo : Reddit
လေ့ကျင့်ခန်းလုပ်ခြင်းက ကွီးတို့ရဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာကြံခိုင်မှု သာမက၊ စိတ်ကျန်းမာရေးအတွက်ပါ အထောက်အကူပြုပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ တစ်နေ့တာမှာ အချိန်အနည်းငယ် ယူပြီး ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ကြည့်ပါ။ လေ့ကျင့်ခန်းတွေ ပြုလုပ်တဲ့အခါ ဦးနှောက်မှ ထုတ်လွှတ်ပေးတဲ့ ဟော်မုန်းအချို့ကြောင့် စိတ်ဖိစီးမှုတွေကို လျော့ကျစေကာ၊ တတ်ကြွလန်းဆန်းမှုကို ခံစားရစေပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့ လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ခြင်းကြောင့် ညဘက်မှာ ကောင်းစွာ အိပ်ပျော်ပြီး မလိုအပ်တာတွေ တွေးတောမိခြင်းကို ရပ်တန့်ပြီးသားလည်း ဖြစ်စေပါတယ်။
တစ်ယောက်တည်း ကြိတ်မခံစားပါနဲ့
Photo : Mayo Clinic News Network
ကွီးတို့မှာ စိုးရိမ်ပူပန်မှု သို့မဟုတ် ပူလောင်တဲ့ အတွေးတွေ များနေတယ်ဆိုရင် အဲဒါတွေကို သူငယ်ချင်း ဒါမှမဟုတ် ချစ်ရသူတွေကို ပြောပြပါ၊ တိုင်ပင်ပါ။ တစ်ယောက်တည်း ကြိတ်မခံစားပါနဲ့။ ကိစ္စအများစုမှာ ကိုယ့်ရဲ့ အတွေးတွေ၊ စိုးရိမ်ပူပန်မှုတွေအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်းက ပြဿနာကို ဖြေရှင်းဖို့ ထိရောက်ပါတယ်။ တစ်ယောက်ယောက်ကို ပြောပြလိုက်ခြင်းဖြင့် ကွီးတို့ စိုးရိမ်ပူပန်မှုတွေ အတွေးလွန်ခြင်းတွေကိုလည်း ပြေလျော့စေနိုင်ပါတယ်။
တရားထိုင်ပါ
Photo : Pexels
မလိုအပ်ပဲ အတွေးလွန်ခြင်းကို ရပ်တန့်ပစ်နိုင်ဖို့ အထိရောက်ဆုံးသော နည်းလမ်းတစ်ခုကတော့ တရားထိုင်ခြင်းပဲ ဖြစ်ပါတယ်။ တရားထိုင်ခြင်း တစ်နည်းအားဖြင့် ကိုယ့်ရဲ့ ဝင်လေ ထွက်လေကို အာရုံစိုက်ရှုမှတ်ခြင်းက စိတ်ကို တည်ငြိမ်လာစေပါတယ်။ အစပိုင်းမှာတော့ အတွေးပေါင်းစုံ ဝင်လာနိုင်ပေမယ့် နောက်ပိုင်းမှာ ကွီးတို့ စိတ်တည်ငြိမ်ပြီး အတွေးတွေကို ဖယ်ရှားနိုင်လာပါလိမ့်မယ်။ ဒီနည်းဖြင့် ကွီးတို့ရဲ့ စိတ်ထဲမှာ စွဲနေတဲ့ အတွေးတွေ စိုးရိမ်ပူပန်မှုတွေကို ဖယ်ရှားနိုင်ဖို့ အကူအညီ ပြုပါလိမ့်မယ်။ ဒါ့အပြင် အာရုံစူးစိုက်မှု အားကိုလည်း ပိုမိုကောင်းမွန်လာစေပါတယ်။
ကွီးတို့ရေ ဒီနည်းလမ်းလေးတွေကို လိုက်နာကျင့်သုံးပြီး အဆိပ်အတောက်ဖြစ်လာစေနိုင်တဲ့ အတွေးလွန်ခြင်းတွေကို အခုပဲ ရပ်တန့်ပစ်လိုက်ပါ။
Source : Declutter
Featured Photo : Power Positibity