ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ် ဟာ စနေနေ့ညက ရှော်လ်ကေးနဲ့ ဒါဘီပွဲစဉ်အတွင်း ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပြီး လာမယ့် ကာတာကမ္ဘာ့ဖလားမှာ ဂျာမနီနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်ကို လွဲချော်မယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

Photo : Daily Mail

အသက် ၃၃ နှစ်အရွယ် ရူးစ်ဟာ ရှော်လ်ကေး ကစားသမား ဖလစ်ခ်နဲ့ ထိခိုက်မိခဲ့ပြီး ဒေါ့မွန်ဆေးအဖွဲ့ရဲ့ အကူအညီနဲ့ ပထမပိုင်းပွဲကစားချိန်အတွင်းမှာတင် ကွင်းအတွင်းက ထွက်ခွာသွားခဲ့ရတာ ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းခေါင်းဆောင်ဟာ နိုင်ငံတကာပွဲစဉ်ကြီးတွေမှာ မကြာခဏဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရဖူးပြီး အခုလက်ရှိ ဒဏ်ရာအခြေအနေကလည်း ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်ဖို့ မသေမချာ ဖြစ်လာစေခဲ့ပါတယ်။

ရှော်လ်ကေးနဲ့ ပွဲစဉ်မှာတော့ ပထမပိုင်း ပွဲချိန် ၂၈ မိနစ်မှာ ရှော်လ်ကေးနောက်ခံလူ ဖလစ်ခ်က ဘောလုံးကို ကြမ်းတမ်းစွာ ဖြတ်ထုတ်ခဲ့ရာကနေ ထိခိုက်သွားခဲ့တာဖြစ်ပြီး ဒေါ့မွန်အသင်းခေါင်းဆောင် ရူးစ်တစ်ယောက် ကွင်းထဲမှာလူးလိမ့် နေခဲ့တာ ဖြစ်ပါတယ်။ ဒေါ့မွန်ဆေးအဖွဲ့က ဆေးကုသပေးခဲ့ပြီးတဲ့ နောက်မှာတော့ ဂျာမန်သားကို ထမ်းစင်နဲ့ ကွင်းအပြင်ဘက်သို့ ထုတ်သွားခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

မာကိုရူးစ် ဟာ ဆောင်းရာသီ ကမ္ဘာ့ဖလားမစတင်မီ ၂ လကျော်သာ လိုတော့အချိန်မှ အခုလို ဒဏ်ရာထပ်မံ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ရူးစ်ဟာ စက်တင်ဘာလကုန်ပိုင်းမှာ စတင်ယှဉ်ပြိုင်ကစားမယ့် နေးရှင်းလိဂ်ပွဲစဉ်တွေအတွက် နည်းပြဟန်စီ ဖလစ်ခ်ရဲ့ ဂျာမနီအသင်း လူစာရင်းမှာ ရွေးချယ်ခံထားရသူလည်း ဖြစ်ပါတယ်။

Photo : Daily Mail

ဂျာမနီနည်းပြ ဖလစ်ခ်အတွက်တော့ ယခုအချိန်မှာ အတွေ့အကြုံရှိတဲ့ တောင်ပံကစားသမားရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သတ်ပြီး စိတ်ပူနေစေခဲ့ပြီ ဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ၂၀၁၄ ခုနှစ်ကလည်း ခြေကျင်းဝတ် ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့ဖူးပါတယ်။

Featured Photo : Daily Mail