ကြာသပတေးနေ့ညက မန်ချက်စတာ ယူနိုက်တက် အသင်း ရှရစ်ဖ်ကို အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့ပြီးနောက် ပြုလုပ်ခဲ့တဲ့ Shinpad (ညှို့သကျည်းကာ) အောင်ပွဲခံမှုရဲ့ နောက်ကွယ်က အကြောင်းအရင်းကို ယူနိုက်တက် တောင်ပံကစားသမား ဂျေဒန် ဆန်ချို က ဖွင့်ဟခဲ့ပါတယ်။

နည်းပြအဲရစ်တန်ဟတ်ရဲ့ အသင်းဟာ မော်လ်ဒိုဗာနိုင်ငံ ချီဆီနူမြို့ရဲ့ ဇင်ဘရူကွင်းထဲမှာ ကျင်းပခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ရှရစ်ဖ် တီရာစပေါအသင်းကို ၂ – ၀ ဂိုးရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး အဖွင့်ဂိုးကို ယူနိုက်တက်တောင်ပံကစားသမား ဆန်ချိုက သွင်းယူပေးခဲ့ကာ ဒုတိယမြောက်အနိုင်ဂိုးကိုတော့ ခရစ္စတီယာနို ရော်နယ်ဒိုက ပင်နယ်တီကနေ သွင်းယူပေးခဲ့ပါတယ်။


Photo : SPORTbible

ဆန်ချိုက အဖွင့်ဂိုးသွင်းယူပြီးတဲ့နောက်မှာ သူဘာကြောင့် Shinpad (ညှို့သကျည်းကာ) ကို ချွတ်ပြီး ပရိသတ်တွေကို ထောင်ပြကာ အောင်ပွဲခံခဲ့သလဲဆိုတဲ့ နောက်ကွယ်က ကြည်နူးဖွယ် အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

“ ဟုတ်တယ် ၊ ကလေးငယ်လေးတစ်ယောက်က ကျွန်တော့်ကို Shinpads (ညှို့သကျည်းကာ) တွေပေးပြီး ဒါလေးတွေ ဝတ်ပေးလို့ရမလားမေးတယ်။ ကျွန်တော်လည်း သိပ်ရတာပေါ့ ၊ ကိစ္စမရှိပါဘူးလို့ ပြန်ဖြေပေးခဲ့တယ်။ ပြီးတော့ ကျွန်တော်ဂိုးသွင်းပြီးချိန်မှာ ကလေးငယ်လေး ပေးခဲ့တဲ့ Shinpads (ညှို့သကျည်းကာ) တွေဝတ်ထားတယ်ဆိုတာကို အောင်ပွဲခံရင်း ပြသခဲ့တာပါ”လို့ ဆန်ချိုက ပြောခဲ့ပါတယ်။

ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုတစ်ခုမှာတော့ ဆန်ချိုက သူ့ကားနားကို ရောက်လာတဲ့ ပရိသတ်ကလေးငယ်တစ်ယောက်ကို လက် မှတ်ရေးထိုးပေးနေခဲ့ပြီး အဆိုပါကလေးငယ်လေးက ဆန်ချိုရဲ့ မျက်နှာပုံနဲ့ အထူးဒီဇိုင်းထုတ်ထားတဲ့ ညှို့သကျည်းကာလေးတွေ လက်ဆောင်ပေးသွားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက် ကလေးငယ်ရဲ့ဖခင်ဖြစ်သူက Shinpads လေးတွေကို ပွဲမှာဝတ်ပေးလို့ရမလားလို့ တောင်းဆိုခဲ့ပြီး ဆန်ချိုကလည်း သူဝတ်မှာပါလို့ ပြန်ပြောခဲ့ပါတယ်။ “ ရီးရဲလ်ဆိုစီဒက်နဲ့ ကျွန်တော်တို့ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်က တော်တော်လေး စိတ်ပျက်စရာဖြစ်ခဲ့ရလို့ ဒီနေ့ပွဲမှာတော့ ရမှတ် ၃ မှတ်အပြည့် ရယူနိုင်လိမ့်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ထားခဲ့တာပါ”လို့ ပြောခဲ့ပါတယ်။

Photo : Daily Mail

ဆန်ချိုဟာ ကြံ့ခိုင်မှုအပြည့်နဲ့ ဂိုးသွင်းစွမ်းရည်တွေ ကောင်းမွန်နေပေမယ့်လည်း ကာတာမှာကျင်းပမယ့် ဆောင်းရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ရွေးချယ်ထားတဲ့ နည်းပြဂါရတ်ဆောက်ဂိတ်ရဲ့ အင်္ဂလန်နေးရှင်းလိဂ်အသင်း လူစာရင်းကနေတော့ ချန်လှပ်ထားခြင်း ခံခဲ့ရပါတယ်။

“ နောက်ထပ်တစ်ကြိမ် အရွေးမခံရလို့ စိတ်ပျက်စရာကောင်းတာကတော့ အသောအချာပါပဲ။ ဒါပေမယ့် ကျွန်တော်ဆက်ပြီး ကြိုးကြိုးစားစားနဲ့ ကမ္ဘာ့ဖလား လူစာရင်းအတွက် ရွေးချယ်ခံရဖို့ မျှော်လင့်ထားပါတယ်။ ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်ပြီး အလုပ်ကိုပဲ အကောင်းဆုံး ဆက်ကြိုးစားသွားပါမယ်” လို့ ဆန်ချိုက ပြောခဲ့ပါတယ်။

Featured Photo : Sportings News