မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ခရစ္စတီယာနို ရော်နယ်ဒို ကို ရောင်းထုတ်ဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပေါ်တူဂီ စူပါစတားဟာ ဒီနွေရာသီမှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာလိုကြောင်း ကလပ်အသင်းထံ ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပြီး အသင်းနဲ့လည်း ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေမှာ ၃ ရက်ဆက်တိုက် ပျက်ကွက်ခဲ့တာ ဖြစ်ပါတယ်။

Photo : Daily Mail

The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ ယူနိုက်တက် အသင်းဟာ ရော်နယ်ဒို ရဲ့အပြောင်းအရွှေ့ဆန္ဒကို လိုက်လျော့ပေးဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

အစောပိုင်းတုန်းက ယူနိုက်တက်အသင်း တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ရာသီအတွင်း ပြိုင်ပွဲစုံ ၃၈ ပွဲမှာ သွင်းဂိုး၂၄ ဂိုး အထိ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ပေါ်တူဂီကြယ်ပွင့်ကို အသင်းမှာ ဆက်ထိန်းထားဖို့ အခိုင်အမာ ပြောဆိုခဲ့ဖူးပါတယ်။

ဒါပေမယ့် ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက အဆိုးရွားဆုံး ပရီးမီးယားလိဂ်ရာသီကို ဖြတ်ကျော်ခဲ့ရပြီးနောက် လာမယ့်ရာသီမှာ စံချိန်တင် တိုးတက်ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းနေချိန်ဖြစ်တာကြောင့် ရော်နယ်ဒိုရဲ့ အပြောင်းအရွေ့ဆန္ဒကို ဆန့်ကျင်ပြီး အသင်းမှာ ဆက်ထိန်းထားဖို့ကို လက်လျော့လိုက်တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ မိသားစုအကြောင်းပြချက်နဲ့ လေ့ကျင့်ရေးပျက်ကွက်ခဲ့ပြီးနောက် ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာချင်တယ်လို့ ဖွင့်ဟလာခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာလည်း ယူနိုက်တက်အသင်းရဲ့ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်ကို လာရောက်ပူးပေါင်းဖို့ ထပ်မံပျက်ကွက်ခဲ့တာ ဖြစ်ပါတယ်။


Photo : Daily Mail

ရော်နယ်ဒိုအနေနဲ့ အာရှနဲ့ သြစတြေးလျမှာ သွားရောက်ကစားရမယ့် ရာသီကြိုခရီးစဉ်တွေမှာ ယူနိုက်တက်အသင်းနဲ့အတူ လိုက်ပါခွင့်ရမရဆိုတာကိုတော့ မသိရသေးပါဘူး။ အဲရစ်တန်ဟတ်ရဲ့ ယူနိုက်တက်အသင်းဟာ လာမယ့် ဇူလိုင် ၁၂ ရက်နေ့မှာ လီဗာပူးအသင်းနဲ့ ရာသီကြို အဖွင့်ပွဲစဉ်အဖြစ် ဘန်ကောက်မှာ သွားရောက်ကစားရမှာဖြစ်ပြီး ယူနိုက်တက်အသင်းတာဝန်ရှိသူတွေအနေနဲ့ ဒီခရီးစဉ်မှာ ရော်နယ်ဒို ပါမပါကိုတော့ မသိသေးဘူးပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အသင်းကထွက်ခွာဖို့ ဆန္ဒရှိနေတဲ့ အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီသား ကို ချဲလ်ဆီး ၊ ဘိုင်ယန်မြူးနစ်နဲ့ နာပိုလီအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်တစား စောင့်ကြည့်နေပြီး ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်နဲ့ ချဲလ်ဆီး အသင်းပိုင်ရှင်အသစ် တော့ဒ်ဘိုလီ တို့ကလည်း ပေါ်တူဂီ စူပါစတားအတွက် အလားအလာရှိတဲ့ ဆွေးနွေးမှုတစ်ရပ် လုပ်ဆောင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကလည်း အေးဂျင့်ဂျော့မန်ဒက်စ်ဟာ ဘိုင်ယန်မြူးနစ်နဲ့ စီးရီးအေဘီလူးကြီး နာပိုလီအသင်းတို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်ထိတော့ သဘောတူညီမှုတစ်စုံတစ်ရာ မရသေးဘူးပဲ ဖြစ်ပါတယ်။

Featured Photo : Daily Mail