လီဗာပူးလ်အသင်းရဲ့ စကော့တလန် ဘယ်နောက်ခံကစားသမား အန်ဒီ ရောဘတ်ဆန် ဟာ မနေ့ညက အာဆင်နယ်အသင်းနဲ့ ယှဥ်ပြိုင်ခဲ့တဲ့ ပွဲစဥ်မှာ စည်းကြပ်ဒိုင်တစ်ဦးရဲ့ တံတောင်နဲ့ တိုက်ချက်ကို ခံလိုက်ရတဲ့အပြင် အဝါကတ်ပါ ပြသခံခဲ့ရပြီး မိအေးနှစ်ခါနာသလို အဖြစ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

liverpool vs arsenal

Photo Credit : Daily Mail

မနေ့က အန်ဖီးလ်ကွင်းမှာ အိမ်ရှင် လီဗာပူးလ်အသင်းနဲ့ ဇယားထိပ်က အာဆင်နယ်အသင်းတို့ အကြိတ်အနယ် ယှဥ်ပြိုင်သွားခဲ့ရာ တစ်ဖက်ကို (၂)ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။ ဒီပွဲအတွင်းမှာ မိုဆာလာရဲ့ ပင်နယ်တီ လွဲချော်မှု ၊ အာနိုး နဲ့ ချာကာတို့ အချင်းများမှုတို့အပြင် ပထမပိုင်း ပွဲကစားချိန်အပြီးမှာ စည်းကြပ်ဒိုင်ရဲ့ ရောဘတ်ဆန်ကို တံတောင်နဲ့ တိုက်လိုက်မှုတွေက ဒီပွဲရဲ့ ထူးခြားချက်တွေ ဖြစ်လာခဲ့ရပါတယ်။

linesman vs andy

Photo Credit : Marca

ပထမပိုင်း ပွဲချိန်အပြီးမှာ ကွင်းထဲကို ဝင်ရောက်လာတဲ့ linesman ကို ရောဘတ်ဆန်က စောဒကတတ် ပြောဆိုခဲ့ရာ အဲ့ဒီဒိုင်က ရောဘတ်ဆန်ကို အံ့အားသင့်စဖွယ် ကိုယ်ထိလက်ရောက်ပါ ပြန်လည် တုံ့ပြန်သွားခဲ့ပြီး ရောဘတ်ဆန်လည်း နှုတ်ခမ်းပေါက်သွားခဲ့ရပါတယ်။ ဒါပေမယ့် သိသိသာသာကြီး တံတောင်နဲ့ တိုက်သွားခဲ့တဲ့ ဒိုင်ထက် အဲ့ဒီဒိုင်ကို စောဒကတတ်ခဲ့သူ ရောဘတ်ဆန် ကိုသာ ကွင်းလယ်ဒိုင်က အဝါကတ် ပြသသွားခဲ့ပါတယ်။

robertson

Photo Credit : Sky Sports

လတ်တလောမှာ အဂ်လန် ပရီးမီးယားလိဂ်က ကွင်းလယ်ဒိုင်တွေရဲ့ performances တွေ decision တွေ ပွဲကို ကြီးကြပ်မှုတွေနဲ့ ပတ်သတ်ပြီး အလူးအလဲ ဝေဖန်ခံနေရချိန်မှာ ဒီစည်းကြပ်ဒိုင်ရဲ့ အပြုအမှုက အတော်လေးကို အရုပ်ဆိုး အကျည်းတန်သွားစေခဲ့တာကြောင့် ဒီဖြစ်ရပ်ကို ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ချုပ်ကနေ သေသေချာချာ စုံစမ်း စစ်ဆေးသွားမယ်လို့ အသိပေးသွားခဲ့ပါတယ်။ တကယ်လို့ အဲ့ဒီဒိုင်ကသာ ရောဘတ်ဆန် ကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်ခဲ့တာဆိုရင်တော့ ဒိုင်အဖွဲ့ချုပ်က သူ့ကို နှစ်ရှည်ပွဲပယ်အထိပါ ချမှတ်သွားနိုင်ဖွယ် ရှိနိုင်ပါတယ်။

Featured Photo : Goal