မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီ အသင်းရဲ့ ပူးတွဲပိုင်ရှင် ဒေးဗစ် ဘက်ခမ်း က မိုင်ယာမီ ကစားသမားသစ် လီယွန်နယ် မက်ဆီနဲ့ ရန်သူဟောင်း ပြိုင်ဘက်ဟောင်း မိတ်ဆွေဟောင်းပါ ဖြစ်ခဲ့ဖူးတဲ့ ဆာဂျီယို ရာမို့စ်ကိုပါ မိုင်ယာမီအသင်းဆီ ခေါ်ဆောင်သွားဖို့ ကြိုးပမ်းနေပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

messi ramos

Photo Credit : SPORTbible

မက်ဆီ နဲ့ ရာမို့စ်တို့က ဘာစီလိုနာ နဲ့ ရီးယဲလ် မက်ဒရစ်အသင်းတွေမှာ ပါဝင်ခဲ့စဉ်အတွင်း မကြာခဏ ဆိုသလို ထိပ်တိုက် တွေ့့ဆုံမှုတွေ အားပြိုင်မှုတွေ ရှိခဲ့ကြပေမယ့်လည်း ကစားသမားနှစ်ယောက်လုံး ပီအက်စ်ဂျီအသင်းမှာ ပြန်လည် ဆုံတွေ့ရချိန်မှာတော့ အသင်းဖော်တွေအဖြစ် ချစ်ချင်ခင်ခင် တွဲဖက် ကစားခဲ့ကြသလို ဒီနွေမှာပဲ ပီအက်စ်ဂျီနဲ့ စာချုပ်တွေ ကုန်ဆုံးခဲ့ကြပါတယ်။ လက်ရှိမှာ မက်ဆီက အင်တာ မိုင်ယာဆီ ပြောင်းရွှေ့ထားပြီး ရာမို့စ်ကတော့ သူရဲ့ ပထမဆုံး ကလပ်အသင်း ဆီဗီလာကို ပြန်သွားဖို့ လုပ်ဆောင်နေပါတယ်။

beckham ramos

Photo Credit : The Sun

ပီအက်စ်ဂျီနဲ့ စာချုပ် ကုန်ဆုံးသွားတဲ့ ရာမို့စ်က သူရဲ့ ပထမဆုံးသော စီနီယာ ကလပ်အသင်းဖြစ်တဲ့ ဆီဗီလာကို ပြန်သွားဖို့ စီစဉ်ထားတာဖြစ်ပြီး ဒီအပြောင်းအရွှေ့ ဖြစ်မလာခင်မှာပဲ မိုင်ယာမီ အသင်းက ရာမို့စ်ကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ အသက် (၃၇)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ရာမို့စ်က သူရဲ့ ဘောလုံးသမားဘဝကို အဆုံးမသတ်ခင်မှာ နောက်ထပ် ဘောလုံးရာသီ တစ်ရာသီ နှစ်ရာသီခန့်လောက် ဆက်လက် ဖြတ်သန်းသွားဖို့ ရှိနေပြီး သူ့အနေနဲ့ ဆီဗီလာကို ပြန်မလား မိုင်ယာမီဆီကိုပဲ ခရီးဆက်သွားမလားဆိုတာသာ စောင့်ကြည့်သွားရပါတော့မယ်။

Sergio Busquets Lionel Messi

Photo Credit : Clutch Points

မိုင်ယာမီ အသင်းကလည်း ဒီဈေးကွက်အတွင်းမှာ လီယွန်နယ် မက်ဆီ ၊ ဆာဂျီယို ဘူးစကွက်တို့လို ထိပ်တန်း ကစားသမားကြီးတွေကို ခေါ်ယူ အားဖြည့်ထားသလို ဒီကစားသမားတွေနဲ့ တွဲဖက် အလုပ်လုပ်ကိုင်ဖူးတဲ့ နည်းပြကြီး မာတီနိုကိုပါ နည်းပြသစ်အဖြစ် ခန့်အပ်ထားရင်း အသင်းကို ရှယ် ပြင်ဆင်ထားသလို ရာမို့စ် အယ်လ်ဘာတို့လို ကစားသမားတွေကိုပါ ထပ်မံ ခေါ်ဆောင်သွားဖို့ပါ ဆောင်ရွက်လျက် ရှိနေပါတယ်။