ယူရို-၂၀၂၄ ပြိုင်ပွဲကြီးရဲ့ အုပ်စုနောက်ဆုံးပွဲစဥ်တွေ ကျင်းပနေတာ အခုဆိုရင် အုပ်စု(A)နဲ့ အုပ်စု(B)တို့က အုပ်စုပွဲတွေအားလုံး ကစားပြီးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒီအုပ်စု(၂)ခုမှာ ထူးခြားချက်တွေကတော့ နောက်ဆုံးမိနစ်တွေမှာ သွင်းယူခဲ့ကြတဲ့ နောက်ကျသွင်းဂိုးများနဲ့ ပွဲရလဒ် အလှည့်အပြောင်းတွေ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပွားခဲ့ရတာပါပဲ။ စပိန် အီတလီ ခရိုအေးရှား အယ်လ်ဘေးနီးယားတို့ ပါဝင်နေပြီး ယူရို-၂၀၂၄ပြိုင်ပွဲရဲ့ မရဏအုပ်စုအဖြစ် သတ်မှတ်ခံထားရတဲ့ အုပ်စု(B)မှာ စပိန်အသင်းက အုပ်စုပွဲအားလုံးကို ရာနှုန်းပြည့် နိုင်ပွဲ ရယူပြီး အုပ်စုဗိုလ်နေရာနဲ့ (၁၆)သင်းရှုံးထွက်အဆင့်ဆီ တက်လှမ်းသွားခဲ့ပါတယ်။

spain 1-0 albania

Photo Credit: UEFA Euro 2024 DE

စပိန်ဟာ တကယ်ကို ခက်ခဲလှတဲ့ အုပ်စုမျိုးမှာ ကျရောက်ခဲ့ရပေမယ့်လည်း အုပ်စုပွဲအားလုံးကို အနိုင်ကစားရုံသာမကပဲ ပွဲအားလုံးမှာပါ ပေးဂိုးမရှိအောင် ကစားနိုင်ခဲ့တာကလည်း လုံးဝကို အထင်ကြီးစရာကောင်းနေရပါတယ်။

euro 2024 group b

Photo Credit: Opta Analyst

အုပ်စု(B)ရဲ့ အုပ်စုနောက်ဆုံးပွဲ မတိုင်ခင်ကတည်းက စပိန်တို့ဟာ ရှုံးထွက်အဆင့်ဆီ စောစောစီးစီး တက်လှမ်းထားနိုင်ခဲ့ပေမယ့် အီတလီက အယ်လ်ဘေးနီးယားကို နိုင် စပိန်ကို ရှုံးထားလို့ ရမှတ်(၃)မှတ် ခရိုအေးရှား ကတော့ စပိန်ကို ရှုံးပြီး အယ်လ်ဘေးနီးယားနဲ့ သရေကျထားလို့ ခရိုအေးရှားနဲ့ အယ်လ်ဘေးနီးယားတို့က (၁)မှတ်စီသာ ပိုင်ဆိုင်ထားရပါတယ်။ ဒီလို ရမှတ်အနေအထားအရ အီတလီဟာ အုပ်စုနောက်ဆုံးပွဲမှာ ခရိုအေးရှားကို ရှုံးနိမ့်ခဲ့ရင်တောင်မှ အကောင်းဆုံး တတိယနေရာနဲ့ ရှုံးထွက်အဆင့်ဆီ ရောက်သွားနိုင်ပေမယ့် ခရို​​အေးရှားနဲ့ အယ်လ်​​ဘေးနီးယားအတွက်ကတော့ မဖြစ်မနေ နိုင်ပွဲရဖို့ လိုအပ်နေခဲ့ပါတယ်။

italy 1-1 croatia

Photo Credit: UEFA Euro 2024 DE

ဒီအခြေအနေတွေကြောင့်ပဲ အီတလီနဲ့ ခရိုအေးရှား တို့ရဲ့ အုပ်စုနောက်ဆုံးပွဲက အကြိတ်အနယ် ရှိခဲ့ရပြီး ခရိုအေးရှားက ဒုတိယပိုင်းပြန်စပြီး (၁၀)မိနစ်ခန့်အကြာလောက်မှာ ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့ရာ ဒီပင်နယ်တီကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တဲ့ ဝါရင့်ကစားသမားကြီး လူကာ မိုဒရစ်က အသင်းရဲ့ အလျင်အမြန် တိုက်စစ်ပြန်ဆင်မှုကနေ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ခရိုအေးရှား (1-0) နဲ့ ဦးဆောင်နိုင်ချိန်မှာ အီတလီဘက်က တိုက်စစ်ကို ပိုမိုလိုက်ပါကစားလာနိုင်ပြီး ခရိုအေးရှားခံစစ်ကိုလည်း အကြိမ်ကြိမ် ထိုးဖောက်ခဲ့ပေမယ့် မိနစ်(၉၀)ပြည့်ချိန်ထိရော အချိန်ပို အစောပိုင်း မိနစ်တွေအထိပါ ဂိုးမသွင်းနိုင်ပဲ ရုန်းကန်နေခဲ့ရပါတယ်။ ဒါပေမယ့် ပွဲပြီးဆုံးဖို့ စက္ကန့်ပိုင်းအလိုမှာပဲ အီတလီက ချေပဂိုး သွင်းယူနိုင်ခဲ့တာကြောင့် အုပ်စုဒုတိယနဲ့ ရှုံးထွက်ကို တက်လှမ်းသွားခဲ့ရသလို နာကျင်အချိန်ပိုမှာ ရင်နာစရာတွေ ကြုံတွေ့လိုက်ရတဲ့ ခရိုအေးရှားကတော့ ရမှတ်(၂)မှတ်တည်းနဲ့ အကောင်းဆုံး တတိယအသင်း (၄)သင်းထဲ ပါနိုင်ဖို့ဆိုတာ တော်တော်လေး ခက်ခဲသွားရပြီ ဖြစ်ပါတယ်။

Featured Photo: Fox Sports